ပြုံးယမ်း အောက်တိုဘာ ၂၄
မြောက်ကိုရီးယားနိုင်ငံရဲ့ စစ်တပ်ကို ကမ္ဘာ့အင်အားအကောင်းဆုံး စစ်တပ်တစ်ခုဖြစ်လာအောင် တည်ဆောက်သွားဖို့နဲ့ ခေတ်သစ်စစ်ရေးစွမ်းရည်တွေကို အရှိန်မြှင့်တင်သွားဖို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က ညွှန်ကြားလိုက်ပါတယ်။
မြို့တော် ပြုံယမ်းမှာ အောက်တိုဘာ ၂၂ ရက်ကနေ ၂၃ ရက်အထိ နှစ်ရက်ကြာ ကျင်းပခဲ့တဲ့ တပ်ခွဲမှူးများညီလာခံမှာ ကင်ဂျုံအွန်က အခုလို ပြောကြားခဲ့တာဖြစ်ကြောင်း မြောက်ကိုရီးယားအစိုးရပိုင် KCNA သတင်းဌာနက ဖော်ပြပါတယ်။
ကင်ဂျုံအွန်က စစ်တပ်အတွင်းရှိ တပ်ခွဲတစ်ခုချင်းစီကို ကိုယ်ပိုင်စွမ်းဆောင်ရည်နဲ့ တိုက်ပွဲဝင်နိုင်တဲ့ အဆင့်မြင့်တိုက်ခိုက်ရေးတပ်ဖွဲ့တွေ ဖြစ်လာအောင် လေ့ကျင့်ပြင်ဆင်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။
ဒါ့အပြင် မြောက်ကိုရီးယားအနေနဲ့ ကိုယ်ပိုင်ပုံစံနဲ့ စစ်ရေးပြုပြင်ပြောင်းလဲမှုတွေကို အရှိန်မြှင့်လုပ်ဆောင်ပြီး အင်အားအကောင်းဆုံး စစ်တပ်တစ်ခု တည်ဆောက်သွားရမယ်လို့လည်း ပြောကြားခဲ့ပါတယ်။
အခုညီလာခံဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ကျင်းပခဲ့တဲ့ မြောက်ကိုရီးယား အာဏာရအလုပ်သမားပါတီရဲ့ နဝမအကြိမ်မြောက် ပါတီညီလာခံနောက်ပိုင်း ပထမဆုံးပြုလုပ်တဲ့ နိုင်ငံလုံးဆိုင်ရာ စစ်တပ်အစည်းအဝေးလည်း ဖြစ်ပါတယ်။
အဲဒီပါတီညီလာခံမှာ ကင်ဂျုံအွန်က လာမယ့်ငါးနှစ်အတွင်း နိုင်ငံရဲ့ စစ်ရေးစွမ်းရည်တွေ ပိုမိုအားကောင်းလာစေဖို့ ရည်မှန်းချက်တွေ ချမှတ်ခဲ့ပြီး နျူကလီးယားလက်နက်နဲ့ ဒုံးကျည်နည်းပညာတွေ ဆက်လက်ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်သွားဖို့လည်း အလေးထားပြောကြားခဲ့ပါတယ်။
တဖက်မှာလည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မြောက်ကိုရီးယားနဲ့ ဆွေးနွေးမှုတွေ ပြန်လည်စတင်ဖို့ စိတ်ဝင်စားနေပေမဲ့ နှစ်နိုင်ငံခေါင်းဆောင်တွေ တွေ့ဆုံနိုင်မယ့် အလားအလာကတော့ နည်းပါးနေဆဲဖြစ်ပါတယ်။
အခုလို ကင်ဂျုံအွန်ရဲ့ ညွှန်ကြားချက်ဟာ မြောက်ကိုရီးယားအနေနဲ့ နျူကလီးယားလက်နက်နဲ့ ဒုံးကျည်စွမ်းရည်တွေတင်မကဘဲ မြေပြင်တိုက်ခိုက်ရေးတပ်ဖွဲ့တွေရဲ့ စစ်ရေးစွမ်းဆောင်ရည်ကိုပါ ပိုမိုမြှင့်တင်သွားမယ့် သဘောထားကို ပြသနေတာဖြစ်ပါတယ်။
Ref:Reuters

