မော်စကို၊ အောက်တိုဘာ ၂၄
အမေရိကန် သမ္မတကတော် မီလန်နီယာ ထရန့်ရဲ့ ကြားဝင် ညှိနှိုင်းမှုနဲ့ ယူကရိန်းနဲ့ ရုရှားတို့ ရုရှား သိမ်းပိုက်ထားတဲ့ ယူကရိန်းမြို့ အိုလက်ရှ်ရှီမြို့မှာ အပစ်အခတ် ရပ်စဲရေး အောက်တိုဘာ ၂၃ ရက်က သဘောတူညီလိုက်ကြပါတယ်။
ဆွေးနွေးမှု အသစ်တွေအတွက် ငြိမ်းချမ်းရေး ညှိနှိုင်းသူတွေဟာ လာမယ့်လ တွေ့ဆုံမှာ ဖြစ်ကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောပါတယ်။
အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုဟာ လာမယ့် အောက်တိုဘာ ၂၇ ရက်မှာ အသက်ဝင်မှာ ဖြစ်ပြီး လူသားချင်း စာနာထောက်ထားရေး လမ်းကြောင်းတွေကနေတဆင့် ဒေသခံတွေ ဘေးကင်းရာ ပြောင်းရွှေ့ရေးနဲ့ အကူအညီ ပေးပို့ခွင့် ရရှိမှာ ဖြစ်ပါတယ်။
လေးနှစ်ခွဲကြာ စစ်ပွဲ အဆုံးသတ်ရေး ရည်ရွယ်တဲ့ ဆွေးနွေးမှု အသစ်တွေကျင်းပရေး အမေရိကန်က စုစည်းကျင်းပဖို့ တွန်းအားပေးနေတဲ့ အချိန်မှာ ယူကရိန်း၊ ရုရှားနဲ့ အမေရိကန် ညှိနှိုင်းရေးမှုးတွေ အဘူဒါဘီမှာ နိုဝင်ဘာ ပထမဆုံးအပတ်အတွင်း နည်းလမ်းပိုင်း အဆင့် တွေ့ဆုံ ဆွေးနွေးမှာ ဖြစ်ကြောင်း သဘောတူထားတယ်လို့ ဇီလန်စကီးက ပြောပါတယ်။
မိမိတို့ သုံးနိုင်ငံအနေနဲ့ အဘူဒါဘီ ဒါမှမဟုတ် ဆွစ်ဇာလန်မှာ လာမယ့် သီတင်းပတ်တွေအတွင်း ဆွေးနွေးပွဲတွေ ပြုလုပ်သွားမှာ ဖြစ်ကြောင်း အမေရိကန် အရာရှိ တစ်ဦးက အတည်ပြုပါတယ်။
ဒုတိယကမ္ဘာစစ် နောက်ပိုင်း လူသေဆုံးမှု အများဆုံး စစ်ပွဲ အဆုံးသတ်ရေး တိုးတက်မှု သိသိသာသာ မမြင်တွေ့ခဲ့ရတဲ့ အရင်က ဆွေးနွေးမှုတွေကို အမေရိကန်က ဖေဖော်ဝါရီလအတွင်း ရပ်တန့် ခဲ့ကြောင်း ဇီလန်စကီးက ပြောပါတယ်။
ရုရှားက စစ်ရေးအရ မသိမ်းပိုက်နိုင်သေးတဲ့ နယ်နိမိတ်တွေ အပါအဝင် ယူကရိန်း အရှေ့ပိုင်း ဒွန်ဘတ်စ်ဒေသ တစ်ခုလုံးကို လက်လွှတ်ပေးဖို့ ရုရှားက ဆက်လက် တောင်းဆိုနေပါတယ်။
ယူကရိန်းကတော့ သူတို့ လက်ရှိ ထိန်းချုပ်ထားတဲ့ နယ်မြေတွေကို ဘယ်တော့မှ လက်လွှတ်ပေးမှာ မဟုတ်ဘူးလို့ ပြောထားပါတယ်။
အမေရိကန်နဲ့ ယူကရိန်းကြား မကြာသေးခင် သီတင်းပတ်တွေ တင်းမာမှုတွေ ရှိခဲ့ပြီးနောက် နောက်ဆုံး ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ကျင့်မယ့် ကြိုးပမ်းမှုတွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
သဘောထားကွဲလွဲမှု ကြီးကြီးမားမား တစ်ခုကြောင့် SpaceX ကုမ္ပဏီရဲ့ Starlink အင်တာနက်လိုင်း အသုံးပြုခွင့်ကို ကန့်သတ်ခဲ့တာကြောင့် ရုရှားရဲ့ တိုက်ခိုက်မှုတွေကို ကာကွယ်ရေး ယူကရိန်း အခက်ကြုံခဲ့ရပါတယ်။
အမေရိကန်နဲ့ ကမ္ဘာ့ ဈေးကွက်တွေအတွက် ရုရှားက ဒီဇယ်တွေ ထောက်ပံ့သွားမှာ ဖြစ်ကြောင်း ထရန့်က ကြေညာပြီး အဲဒီ သဘောတူညီချက်ကို ယူကရိန်းက ပြစ်တင် ရှုတ်ချခဲ့ပါတယ်။
အမေရိကန် သက်တမ်းဝက် ရွေးကောက်ပွဲ နီးကပ်လာချိန် ထရန့်က အမေရိကန် ပြည်တွင်း ကုန်စည် ဈေးနှုန်း ကျဆင်းရေး ကြိုးပမ်းနေပါတယ်။
ရုရှား ဒီဇယ်တွေ တင်ဆောင်ထားတဲ့ ပထမဆုံး သင်္ဘောသုံးစီးမြောက် အမေရိကန်သို့ ထွက်ခွာသွားပြီ ဖြစ်ကြောင်း ရုရှား လက်ထောက် ဝန်ကြီးချုပ် အလက်ဇန်းဒါး နိုဗက်က အတည်ပြုပါတယ်။
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလကတည်းက ရုရှား သိမ်းပိုက်ထားခဲ့တဲ့ အိုလက်ရှ်ရှီမြို့မှာ စားနပ်ရိက္ခာ ပြဿနာနဲ့ ရင်ဆိုင်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။
အဲဒီမြို့မှာ စစ်ရေး လှုပ်ရှားမှုတွေ ယာယီ ရပ်ဆိုင်းရေး နှစ်နိုင်ငံစလုံးက သဘောတူထားပြီး လူသားချင်း စာနာထောက်ထားရေး အကူအညီတွေ ပေးပို့ခွင့်နဲ့ အရပ်သားတွေ ဘေးကင်းရာ ပြောင်းရွှေ့ရေး ခွင့်ပြုထားကြောင်း အိမ်ဖြူတော်က ကြေညာချက် တစ်ရပ်မှာ ဖော်ပြထားပါတယ်။
ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနကလည်း အိုလက်ရှ်ရှီမြို့မှာ အောက်တိုဘာ ၂၇ ရက် မနက် ၄ နာရီ ကတည်းက အပစ်ရပ်ထားမှာ ဖြစ်ကြောင်း ပြောထားပါတယ်။
Ref:Reuters

