ဆိုးလ်၊ အောက်တိုဘာ ၂၃
စစ်ရေး ကင်းမဲ့ဇုန်အတွင်း ပေါက်ကွဲမှု ဖြစ်ပွားမှုကြောင့် ဆက်ဆံရေး ထပ်မံ ထိခိုက်ခဲ့ရပြီးနောက် နှစ်နိုင်ငံ ဆက်သွယ်ရေး လမ်းကြောင်းတွေ ပြန်လည် ထားရှိရေး ဆွေးနွေးဖို့နဲ့ နှစ်နိုင်ငံ နယ်စပ်ရဲ့ တည်နေရာ အတိအကျကို နှစ်ဖက် အတည်ပြုဖို့ မြောက်ကိုရီးယားနဲ့ စစ်ဖက်ဆိုင်ရာ ဆွေးနွေးရေး တောင်ကိုရီးယားက အောက်တိုဘာ ၂၃ ရက်မှာ အဆိုပြုလိုက်ပါတယ်။
နှစ်နိုင်ငံပိုင်းခြားထားတဲ့ စစ်ရေး ကင်းမဲ့ဇုန်ထဲမှာ မြေမြှုပ်မိုင်း ပေါက်ကွဲမှုဟာ မြောက်ကိုရီးယား လက်ချက် ဖြစ်တယ်လို့ တောင်ကိုရီးယားက ပြီးခဲ့တဲ့လက အပြစ်တင်ခဲ့ပြီးနောက်ပိုင်း ကိုရီးယား နှစ်နိုင်ငံကြား တင်းမာမှုတွေ မြင့်တက်နေပါတယ်။
အဲဒီ စွပ်စွဲချက်ကို မြောက်ကိုရီးယားက ပြင်းပြင်းထန်ထန် ငြင်းဆိုထားပါတယ်။
စစ်ဖက်ဆိုင်ရာ ဆက်သွယ်ရေး လိုင်းတွေ ပြန်လည်ထားရှိရေး နယ်စပ်ဒေသတွေမှာ မတော်တဆ တိုက်ခိုက်မှုတွေ မဖြစ်စေရေး ဆွေးနွေးဖို့နဲ့ စစ်ဖက်ဆိုင်ရာ နယ်မြေသတ်မှတ်စည်း တည်နေရာ အတိအကျကို နှစ်နိုင်ငံ အတည်ပြုရေး မြောက်ကိုရီးယားနဲ့ စစ်ဖက်ဆိုင်ရာ ဆွေးနွေးမှုတွေ ပြုလုပ်ရေး တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက တရားဝင် အဆိုပြုလိုက်ကြောင်း မူဝါဒဆိုင်ရာ လက်ထောက် ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။
မြောက်ကိုရီးယား ခေါင်းဆောင်ရဲ့ သြဇာကြီးမားတဲ့ ညီမ ဖြစ်သူ ကင်ယိုဂျောင်က နယ်စပ်တလျှောက် ပစ်ခတ်မယ့် နေရာတွေဆီ တပ်ဖွဲ့ အသစ်တွေ စေလွှတ်ထားတယ်လို့ ကြေညာပြီးနောက် ရက်ပိုင်းအကြာမှာ အခုလို အဆိုပြုချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက လက်ရှိ အခြေအနေကို ဆက်ပြီးတော့ မဖြေရှင်းဘဲ ထားမယ်ဆိုရင် နောက်ထပ် ဘာဖြစ်ရပ်တွေ ဖြစ်လာမလဲ ဆိုတာကြိုခန့်မှန်းရခက်တယ်လို့ တုံ့ပြန်ထားပါတယ်။
ကုလသမဂ္ဂ ကွပ်ကဲရေးဌာန ပါဝင်တဲ့ သုံးပွင့်ဆိုင် ဆွေးနွေးရေးလည်း ဖြစ်နိုင်တယ်လို့ အဲဒီ ဝန်ကြီးဌာနက ပြောပါတယ်။
ကိုရီးယား နှစ်နိုင်ငံစလုံးက စစ်သားတွေ မျက်နှာချင်းဆိုင် နေရာဆူထားကြတဲ့ အထင်ကရ ငြိမ်းချမ်းရေးကျေးရွာ ပန်မွမ်ဂျွန်မှာ ရက်စွဲ အတိအကျနဲ့ တည်နေရာတွေကို ဆွေးနွေးလို့ရတယ်လို့ တောင်ကိုရီးယားက ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်က မြောက်ကိုရီးယားနဲ့ ဆွေးနွေးဖို့ မိမိတို့ အဆိုပြုခဲ့တာကို ပြုံးယမ်းက တုံ့ပြန်မှု မရှိခဲ့တဲ့ အခြေအနေနဲ့ ပတ်သက်လို့လည်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ထောက်ပြထားပါတယ်။
စစ်ဖက်ဆိုင်ရာ တင်းမာမှု မြင့်တက်လာမှုအတွက် ပြုံးယမ်းက မိမိတို့ကိုပြောင်းပြန် အပြစ်တင်နေတယ်လို့ တောင်ကိုရီးယား စစ်တပ်က အောက်တိုဘာ ၂၀ ရက်မှာ စွပ်စွဲခဲ့ပါတယ်။
တောင်ကိုရီးယား စစ်သား သုံးဦး ဒဏ်ရာရရှိခဲ့တဲ့ စစ်ရေးကင်းမဲ့ဇုန် ပေါက်ကွဲမှု နောက်ကွယ်မှာ မိမိတို့ မပါဝင်ဘူးလို့ မြောက်ကိုရီးယားက ပြောထားပြီး တောင်းပန်ဖို့ တိုက်တွန်းမှုကို လှောင်ပြောင်ပြီး ပယ်ချထားပါတယ်။
Ref:AFP

