နယူးယောက်၊ အောက်တိုဘာ ၂၃

ရုရှား ဒီဇယ် မက်ထရစ်တန် ၄၀၀၀၀ တင်ဆောင်ထားတဲ့ မော်လ်တာ နိုင်ငံအလံ စိုက်ထူထားတဲ့ ရေနံတင်သင်္ဘော တစ်စီး အမေရိကန်နိုင်ငံ နယူးယောက်မြို့သို့ ထွက်ခွာသွားပြီ ဖြစ်ကြောင်း လန်ဒန် စတော့ရှယ်ယာ ဈေးကွက် အချက်အလက်တွေမှာ ဖော်ပြပါတယ်။

ယူကရိန်းကို ကျူးကျော် တိုက်ခိုက်နေမှုနဲ့ ပတ်သက်လို့ စစ်ပွဲဆင်နွှဲဖို့ ရုရှား ရန်ပုံငွေ မရစေရေး အမေရိကန်က ဒဏ်ခတ် ပိတ်ဆို့မှုတွေ လုပ်ထားပေမယ့် အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က ရုရှား ဒီဇယ်တွေကို ဝယ်ယူဖို့ သဘောတူညီခဲ့တာ ဖြစ်ပါတယ်။

နိုဝင်ဘာ ၃ ရက် အမေရိကန် သက်တမ်းဝင် ရွေးကောက်ပွဲ မတိုင်ခင် ဒီဇယ်ဈေးနှုန်း လျှော့ချဖို့ မျှော်လင့်ထားတဲ့ လုပ်ရပ်တွေ အများကြီး ထရန့်က လုပ်ဆောင်ထားပါတယ်။

ရုရှားအပေါ် ချမှတ်မယ့် ဒဏ်ခတ်ပိတ်ဆို့မှု အသစ်တွေကိုလည်း သူက သက်ညှာ ပေးလိုက်ပြီး ဥရောပနိုင်ငံတွေအနေနဲ့ သူတို့ရဲ့ အရေးပေါ် အရန်လောင်စာတွေကို ထပ်ပြီး ထုတ်မသုံးရင် အမေရိကန်က ဒီဇယ် တားမြစ်သွားမယ်လို့လည်း ထရန့်က ခြိမ်းခြောက်ခဲ့ပါတယ်။

ရုရှားရဲ့ ဘော်လ်တစ် ဆိပ်ကမ်း ပရီမော့်စ်ခ်မှာ ဆာလဖာ ပါဝင်မှု အရမ်းနည်းတဲ့ ဒီဇယ် မက်ထရစ်တန် ၄၀၀၀၀ ကို အလတ်စား ရေနံတင်သင်္ဘော အဂျီအိုအီ ဖာနန်ဒက်ဇ်ပေါ်သို့ အောက်တိုဘာ ၂၂ ရက်က တင်ဆောင်သွားကြောင်း သင်္ဘောလမ်းကြောင်း အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။

အဲဒီ သင်္ဘောဟာ နိုဝင်ဘာ ၇ ရက်မှာ အမေရိကန်သို့ ရောက်ရှိမယ်လို့ မျှော်လင့်ရ ပါတယ်။

ရုရှားက ဒီဇယ် တင်ပို့မှုတွေ ကိုယ်တိုင် တားမြစ်ထားမှုကို ရုတ်သိမ်းဖို့ သဘောတူညီခဲ့ပြီး အမေရိကန် အပါအဝင် ကမ္ဘာ့ ဈေးကွက်တွေဆီ လောင်စာ ထောက်ပံ့မယ်လို့ ပြောထားပါတယ်။

ရုရှား သမ္မတ ဗလာဒီမာ ပူတင်နဲ့ ထရန့်ကြား သဘောတူညီမှု တစ်ရပ် ရယူခဲ့ပြီးနောက် မော်စကိုက အခုလိုမျိုး ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ရုရှားက မက်ထရစ်တန် ၃ သိန်း ဒါမှမဟုတ် စည်ပေါင်း ၂ ဒသမ ၂၅ သန်းကို ချက်ချင်း တင်းပို့ပေးမှာ ဖြစ်ပြီး နိုဝင်ဘာလအတွင်း တန်ချိန် ၅ သိန်းနဲ့ နောက်ထပ် တန်ချိန် ၁ သန်းကို ချက်ချင်း တင်ပို့ပေးမှာ ဖြစ်ကြောင်း ထရန့်က အောက်တိုဘာ ၉ ရက်မှာ ကြေညာခဲ့ပါတယ်။

ရုရှားအနေနဲ့ နှစ်ကုန်ပိုင်းမှာ တစ်လကို ဒီဇယ် တန်ချိန် ၃ သန်းနဲ့ ၃ ဒသမ ၅ သန်းကြား တိုးမြှင့် တင်ပို့နိုင်မှာ ဖြစ်ပါတယ်။

ရုရှား ဘော်လ်တစ် ဆိပ်ကမ်းမှာ ဒီဇယ်တွေကို ပြီးခဲ့တဲ့ သီတင်းပတ်က သင်္ဘောတွေပေါ်ကို တင်ဆောင်နေတာ တွေ့ခဲ့ရပေမယ့် ဘယ်ကို ပို့ဆောင်မှာလဲ ဆိုတာ ရှင်းရှင်းလင်းလင်း မသိခဲ့ရပါဘူး။

ယူကရိန်း စစ်ပွဲနဲ့ ပတ်သက်လို့ ရုရှား ရေနံ ထုတ်ကုန် တင်သွင်းမှုတွေကို ရာနှုန်းပြည့် တားမြစ်မှု ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီက စတင် အသက်ဝင်လာချိန်မှာ ရုရှားက ဘရာဇီးလ်နဲ့ တူရကီသို့ ဒီဇယ် အဓိက တင်ပို့ခဲ့ပြီး အာဖရိက နိုင်ငံများသို့လည်း တင်ပို့ခဲ့ပါတယ်။

ထရန့်က ရုရှားဆီက လောင်စာ ဝယ်ယူတဲ့ နိုင်ငံတွေအပေါ် အခွန် တိုးကောက်တာတွေ လုပ်ဆောင်ခဲ့ပေမယ့် အမေရိကန်မှာ ရွေးကောက်ပွဲ မတိုင်ခင် လောင်စာဈေးနှုန်း မြင့်တက်နေတာကြောင့် ဖိအားတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး ရုရှားနဲ့ သဘောတူညီမှု ရယူလိုက်တာ ဖြစ်ပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.