လန်ဒန်၊ အောက်တိုဘာ ၂၃
အိမ်ထောင်စုတွေအနေနဲ့ ရာသီဥတု၊ ဆိုက်ဘာ တိုက်ခိုက်မှုနဲ့ ပြင်းထန်တဲ့ အရေးပေါ် အခြေအနေမျိုးမှာ ရှင်သန်နိုင်ရေး သေချာစေဖို့ ရည်ရွယ်ပြီး ထုတ်ပြန်တဲ့ အစိုးရ လမ်းညွှန်ချက် အသစ် တစ်ရပ်မှာ ဗြိတိန် နိုင်ငံသားတိုင်းအနေနဲ့ ၉ လီတာရှိတဲ့ ရေဘူးတွေနဲ့ ၃ ရက်စာ စားနပ်ရိက္ခာတွေ စုဆောင်းထားကြဖို့ တိုက်တွန်းထား ပါတယ်။
အသင့်ပြင်ထားပါ ဆိုတဲ့ အစီအစဉ်က ပြည်သူတွေ အနေနဲ့ ၇၂ နာရီကြာ အချိန်အတွက် ရေနဲ့ စားနပ်ရိက္ခာ စုဆောင်ထားရေး စည်းရုံးဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။
ရာသီဥတု ပြဿနာ၊ နည်းပညာအပေါ် အမှီအခိုပြုမှုနဲ့ ရန်လိုတဲ့ နိုင်ငံရဲ့ အန္တရာယ်တွေရဲ့ ရိုက်ခတ်မှုနဲ့ ပတ်သက်လို့ အာဏာပိုင်တွေ စိုးရိမ်မှု ပိုများလာချိန် အခုလို တိုက်တွန်းချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
ဒီအစီအစဉ်ကို လိုက်ပါ လုပ်ဆောင်နိုင်သူတွေအနေနဲ့ အစီအစဉ်အတိုင်း လိုက်လုပ်သင့်တယ်လို့ လုံခြုံရေးဝန်ကြီး ဒန် ဂျာဗစ်က ပြောပါတယ်။
နိုင်ငံ တစ်နိုင်ငံအနေနဲ့ မိမိတို့ရဲ့ ဒဏ်ခံနိုင်မှု တိုးတက်လာစေရေး လူ့အသိုင်းအဝိုင်း ရှေ့ဆောင် ကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်းအနေနဲ့ နေ့စဉ် အရေးပေါ် အခြေအနေတွေအတွက် အသင့်ရှိနေစေရေး ရိုးရှင်းတဲ့ လုပ်ရပ်တွေ လုပ်ဆောင်ထားသင့်တယ်လို့ သူက ပြောပါတယ်။
ရုရှား ဒါမှမဟုတ် အခြား ရန်လိုတဲ့ အင်အားကြီး နိုင်ငံတွေက နေ့စဉ် အသုံးပြုနေရတဲ့ အခြေခံ အဆောက်အဦတွေကို ပစ်မှတ်ထားပြီး အစိုးရ အထောက်အပံ့နဲ့ အကြမ်းဖက်တိုက်ခိုက်လာနိုင်တဲ့ အန္တရာယ်အတွက် ဗြိတိန်အနေနဲ့ ကြိုတင် ပြင်ဆင်ထားဖို့ လိုအပ်တယ်လို့ ကာကွယ်ရေးဝန်ကြီး ဝက်စ် စထရိတိန်းက ပြောပါတယ်။
ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေအတွက် မိမိတို့ နိုင်ငံရဲ့ ဒူပေတာပေ ခံနိုင်မှုကို အလေးအနက်ထားပြီး ဒဏ်ပိုခံနိုင်အောင် လုပ်ဆောင်ထားရမယ့်အပြင် မိမိတို့ နိုင်ငံရဲ့ ကာကွယ်ရေးကိုလည်း အင်အား တိုးမြှင့်ထားသင့်ကြောင်း သူက ပြောပါတယ်။
အိမ်ထောင်စုတွေ စီးပွားရေး လုပ်ငန်းတွေအနေနဲ့ ကြိုတင် ပြင်ဆင်ထားကြရဲ့လားဆိုတာ မိမိတို့ မေးမြန်းဖို့ အမှန် တကယ် အရေးကြီးတယ်လို့လည်း ဆိုပါတယ်။
ရှေးဦး သူနာပြု ပစ္စည်းတွေအပြင် စောင်တွေနဲ့ ငွေသားတွေ အိမ်မှာ အဆင်သင့် သိမ်းဆည်းထားကြဖို့ လက်နှိပ်ဓာတ်မီးနဲ့ ဘက်ထရီတွေ ကြိုတင် ပြင်ဆင်ထားကြဖို့နဲ့ FM ရေဒီယို နားထောင်နိုင်အောင် အဆင်သင့် လုပ်ထားကြဖို့ ဗြိတိန် ပြည်သူတွေကို အစိုးရက တိုက်တွန်းထားပါတယ်။
လူတစ်ယောက် တစ်ရက်စာအတွက် ရေ ၃ လီတာကို သောက်သုံးဖို့ သိမ်းဆည်းထားသင့်ပြီး ချက်ပြုတ် လျှော်ဖွတ်ဖို့အတွက် လိုအပ်တာတွေ စုဆောင်းထားဖို့လည်း အစိုးရ လမ်းညွှန်ချက်မှာ ဖော်ပြထားပါတယ်။
ဗြိတိန် နိုင်ငံသားတွေအနေနဲ့ စည်သွပ် အစားအစာတွေ သိုလှောင်ထားသင့်ကြောင်း အစိုးရက သြဂုတ်လက ဖော်ပြခဲ့ပေမယ့် အခု အစိုးရရဲ့ အသင့်ပြင်ထားကြပါဆိုတဲ့ အစီအစဉ်က ပိုပြီးတော့ အသေးစိတ် ပိုကျပါတယ်။
မကြာသေခင် နှစ်တွေက ဗြိတိန်မှာ ပြင်းထန်တဲ့ မုန်တိုင်းတွေ တိုက်ခတ်ခဲ့ပြီးနောက် ဆောင်းရာသီ မုန်တိုင်း ရာသီ ရောက်မလာခင် ဝန်ကြီးတွေက အခု အစီအစဉ်ကို အချိန်ကိုက် စတင်လိုက်တာ ဖြစ်ပါတယ်။
၂၀၂၇ ခုနှစ် အထိ ကြာမြင့်နိုင်တဲ့ စူပါ အယ်လ်နီညို ရာသီဥတု အခြေအနေနဲ့ ပတ်သက်လို့လည်း စိုးရိမ်မှုတွေ ထွက်ပေါ်နေပြီး မသေချာတဲ့ ရာသီဥတု အခြေအနေတွေ အပူချိန် စံချိန်တင် မြင့်တက်မှုတွေနဲ့ ရင်ဆိုင်ရ နိုင်ခြေ ရှိနေပါတယ်။
Ref:BBC

