တိဘက်မှာ အင်အားပြင်း ငလျင်လှုပ်ခတ်ပြီးနောက် လူ ၁၆ ဦး သေဆုံး

ဘေဂျင်း၊ အောက်တိုဘာ ၂၃

တိဘက်ရှိ တောင်ထူထပ်တဲ့ ဒေသ တစ်ခုမှာ မဂ္ဂနီကျု ၇ အဆင့်ရှိ ငလျင် လှုပ်ခတ်မှုကြောင့် လူ ၁၆ ဦး သေဆုံးခဲ့ကြောင်း တရုတ်နိုင်ငံပိုင် မီဒီယာက ကြေညာပါတယ်။

အာဏာပိုင်တွေက အရေးပေါ် အခြေအနေ ကြေညာထားပြီး လူ ၆၅ ဦး ဒဏ်ရာရရှိခဲ့တဲ့ တိဘက် ဒေသဆီ ကယ်ဆယ်ရေးအဖွဲ့တွေ စေလွှတ်ထားပါတယ်။

ဒဏ်ရာရသူ ၆၅ ဦးထဲမှာ ၁၁ ဦး ဒဏ်ရာ ပြင်းထန်ကြောင်း ပြည်တွင်း မီဒီယာက ဖော်ပြထားပါတယ်။

၁၉၅၀ ပြည့်နှစ်တွေက သူတို့ ပိုင်နက်ထဲ သွပ်သွင်းခဲ့ပြီး နောက်ပိုင်း တရုတ်က တင်းတင်းကြပ်ကြပ် ထိန်းချုပ်ထားတဲ့ တိဘက်နဲ့ ပတ်သက်လို့ သတင်းအချက်အလက် ရရှိနိုင်တာက နိုင်င်ပိုင် မီဒီယာ တစ်ခုတည်းပဲ ရှိနေတတ်ပါတယ်။

အောက်တိုဘာ ၂၂ ရက် ညပိုင်းက နက်ကူဒေသရှိ ဘာကန် ကောင်တီ စီရင်စုကို ဗဟိုပြုပြီး ငလျင် လှုပ်ခတ်ခဲ့တာ ဖြစ်ကြောင်း ဒေသတွင်း အရေးပေါ် အခြေအနေ စီမံခန့်ခွဲရေး ဗျူရိုကို ကိုးကားပြီး ဆင်စွာ သတင်းက ဖော်ပြထားပါတယ်။

အဲဒီ စီရင်စုဟာ တိဘက်မြို့တော် လာဆာရဲ့ အရှေ့မြောက်ဖက် ကီလိုမီတာ ၄၀၀ အကွာမှာ တည်ရှိတာ ဖြစ်ပါတယ်။

လူနေအိမ် ၃၀၀ကျော် ပြိုကျ ပျက်စီးသွားပြီး ဒေသ အများစု လျှပ်စစ်ဓာတ်အား ပြတ်တောက်နေပါတယ်။

ပင်လယ်ရေမျက်နှာပြင်အထက် မြင့်မားတဲ့ နေရာမှာ ရှိတဲ့ အဆောက်အဦအပျက်အစီးတွေကြား အသက်ရှင်ကျန်သူတွေ ရှိလိုရှိငြား ကယ်ဆယ်ရေး အဖွဲ့တွေ လိုက်လံ ရှာဖွေနေကြပါတယ်။

ငလျင် လှုပ်ပြီးနောက် လူပေါင်း ၁၂၄၀၀ ကျော်ကို ပြန်လည် နေရာချထားပေးခဲ့ရကြောင်း ဒေသဆိုင်ရာ အရာရှိတွေက ပြောထားပါတယ်။

မြေပြင် အခြေအနေ ကြမ်းတမ်းမှုနဲ့ လမ်းမတွေ ပျက်စီးသွားတာကြောင့် တချို့ ဒေသတွေဆီ လက်လှမ်း မမီနိုင် ဖြစ်နေတယ်လို့ ကယ်ဆယ်ရေး အဖွဲ့တွေက ပြောပါတယ်။

တရုတ် ဝန်ကြီးချုပ် လီကီကျန်းက ကယ်ဆယ်ရေး အဖွဲ့တွေ ချက်ချင်း စုစည်းဖို့နဲ့ ဒဏ်ရာရသူတွေကို ဆေးဝါး ကုသပေးရေး ဆောင်ရွက်ဖို့ တိုက်တွန်းထားပါတယ်။

မြင့်မားတဲ့ နေရာမှာ ငလျင်လှုပ်ခတ်ခဲ့တာ ဖြစ်ပြီး နောက်ဆက်တွဲ ငလျင်လှိုင်းတွေ လှုပ်ခတ်နိုင်ကြောင်းလည်း သူက သတိပေးထား ပါတယ်။

အရေးပေါ် အခြေအနေ စီမံခန့်ခွဲရေး ဝန်ကြီးဌာနက ကယ်ဆယ်ရေးနဲ့ သဘာဝ ဘေးအန္တရာယ် သက်သာစေရေး လုပ်ငန်းစဉ်တွေ လမ်းညွှန်ပေးရေး ငလျင် ဘေးသင့်ရာ ဒေသသို့ အမှုဆောင် အဖွဲ့ တစ်ဖွဲ့ စေလွှတ်ထားပါတယ်။

တိဘက်ဟာ တရုတ်မှာ အတင်းကြပ်ဆုံး စောင့်ကြည့်ခံနေရတဲ့ ဒေသတွေထဲက တစ်ခု ဖြစ်ပြီး သတင်းအချက်အလက် စီးဆင်းမှုကို တရုတ် အစိုးရက တင်းတင်းကြပ်ကြပ် ထိန်းချုပ်ထား ပါတယ်။

အမှီအခို ကင်းတဲ့ ဂျာနယ်လစ်တွေကို ဝင်ရောက်ခွင့် ကန့်သတ်ထားတာကြောင့် မြေပြင် အခြေအနေ အသေးစိတ်ကို သိရဖို့ မလွယ်ပါဘူး။

တရုတ် အာဏာပိုင်တွေ ထိန်းချုပ်ထားတဲ့ နိုင်ငံပိုင် မီဒီယာက သတင်းထောက်တွေကတော့ ငလျင် ဗဟိုချက် နေရာကို ရောက်ရှိလာပြီး တိုက်ရိုက် ထုတ်လွှင့်တာ တွေ့ရပါတယ်။

ငလျင်ကြောင့် ပိတ်မိနေသူတွေကို ရှာဖွေ ကယ်ဆယ်ရေး အင်အား အကုန်ထုတ်ပြီး ကြိုးပမ်းကြဖို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က ပြောထားပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.