မွမ်ဘိုင်း၊ အောက်တိုဘာ ၂၂

ယူကရိန်းရဲ့ Starlink အင်တာနက်လိုင်း အသုံးပြုခွင့်ကို သူ့ရဲ့ မိခင် ကုမ္ပဏီ SpaceX နဲ့ သူဌေးကြီးး အီလွန်မတ်စ်တို့က ဆုံးဖြတ်တာ ဖြစ်ပြီး အိမ်ဖြူတော်က ဆုံးဖြတ်တာ မဟုတ်ဘူးလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက ပြောဆိုလိုက်ပါတယ်။

ယူကရိန်းရဲ့ Starlink အင်တာနက် ဝန်ဆောင်မှု အသုံးပြုခွင့်ကို အီလွန်မတ်စ်က ကန့်သတ်ထားတယ်ဆိုတဲ့ ပြောဆိုမှုတွေ ထွက်ပေါ်နေပါတယ်။

Starshield လို့ ခေါ်တဲ့ စစ်ဖက်ဆိုင်ရာသုံး အင်တာနက် လိုင်းကို မြန်နှုန်း နှေးကွေးသွားအောင် လုပ်ဖို့ အီလွန်မတ်စ်က ညွှန်ကြားထားကြောင်း Wall Street Journal က အောက်တိုဘာ ၂၁ ရက်မှာ ဖော်ပြခဲ့ပါတယ်။

ယူကရိန်း စစ်တပ်က ရုရှားရဲ့ တိုက်ခိုက်မှုတွေကို တားဆီး ကာကွယ်ဖို့ Starlink အင်တာနက် ဝန်ဆောင်မှုကို အားကိုးနေရတာ ဖြစ်ပါတယ်။

SpaceX ကုမ္ပဏီ အမှုဆောင် အရာရှိချုပ် မတ်စ်၊ သမ္မတ ဒေါ်နယ် ထရန့်နဲ့ အိမ်ဖြူတော် အရာရှိတွေက အဲဒီ ကိစ္စကို တင်ကြို ဆွေးနွေးခဲ့ကြပြီး လိုင်းအမြန်နှုန်း နှေးချလိုက်ပြီး ရက်ပိုင်းအတွင်း အဲဒီ ကိစ္စကို မတ်စ်က ဦးဆောင် ဆွေးနွေးခဲ့တယ်လို့ သတင်းရင်းမြစ် နှစ်ခုက ပြောပါတယ်။

အင်တာနက်အသုံးပြုခွင့် သတ်မှတ်ချက်တွေကို ပုဂ္ဂလိက စီးပွားရေးဆိုင်ရာ စာချုပ် တစ်ရပ်နဲ့ ချုပ်ဆိုထားတာ ဖြစ်ပြီး ဘယ်လောက် အမြန်နှုန်းနဲ့ အသုံးပြုခွင့် ပေးမလဲ၊ သူတို့ရဲ့ ဝန်ထမ်းတွေကို ဘယ်လို အသုံးချမလဲ စတာတွေကို ဆုံးဖြတ်တာ ဖြစ်ကြောင်း အမေရိကန် အရာရှိတွေက ပြောပါတယ်။

ဒီလို ပြောဆိုမှုတွေနဲ့ ပတ်သက်လို့ မတ်စ်နဲ့ SpaceX ကုမ္ပဏီတို့ကို ဆက်သွယ်ခဲ့ပေမယ့် အကြောင်းပြန်မှု မရှိဘူးလို့ သိရပါတယ်။

အောက်တိုဘာ ၂၁ ရက်က သတင်းထောက်တွေက မေးမြန်းချိန်မှာ ထရန့်က အင်တာနက်လိုင်း နှေးသွားအောင် ဘယ်သူက လုပ်လိုက်သလဲ ဆိုတာ မိမိအနေနဲ့ မသိပေမယ့် မိမိ ပါဝင် ပတ်သက်မှု မရှိဘူးလို့ ပြောထားပါတယ်။

ဝန်ကြီး ရူဘီယိုရဲ့ ပြောဆိုမှုတွေကြောင့် အမေရိကန် နိုင်ငံခြားရေး မူဝါဒ အပေါ် အီလွန်မတ်စ်ရဲ့ ကြီးစိုးထားနိုင်မှုနဲ့ ပတ်သက်လို့ ဝါရှင်တန်မှာ စိုးရိမ်မှုတွေ ပိုများလာစေမှာ ဖြစ်ပါတယ်။

အခုလို စစ်ရေးသုံး အင်တာနက် လိုင်းနှေးကွေးသွားတာကြောင့် ယူကရိန်းအနေနဲ့ ရုရှား ဒုံးကျည်တွေကို ကြားဖြတ် ပစ်ချရေး အခက်ကြုံနေရသလို ဒရုန်း မောင်းနှင်မှု အပိုင်းတွေမှာလည်း အခက်အခဲတွေ ရှိနေပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.