ကွာလာလမ်ပူ ၊အောက်တိုဘာ ၂၁

မလေးရှားက ပြန်လည် ပို့ဆောင်လိုက်သူတွေ မြန်မာနိုင်ငံမှာ ဖိနှိပ်ခံရတာ၊ နှိပ်စက်ခံရတာ ဒါမှမဟုတ် အသက်အန္တရာယ် ခြိမ်းခြောက်ခံရတယ်ဆိုတဲ့ ရှင်းလင်းတဲ့ အထောက်အထား ဒါမှမဟုတ် အန္တရာယ် ရှိခဲ့မယ်ဆိုရင် မည်သူ တစ်ယောက်ကိုမှ ပြန်ပို့သွားမှာ မဟုတ်ကြောင်း မလေးရှား ပြည်ထဲရေးဝန်ကြီး ဆိုင်ဖူဒင် နာဆူတီယွန် အစ္စမေးလ်က ပြောပါတယ်။

အစိုးရက လေကင်းလုံခြုံရေးကို ထိပ်တန်း ဦးစားပေး ဆောင်ရွက်နေပြီး ပြန်လည် ပို့ဆောင်ရေး လုပ်ငန်းစဉ်မှာ လူ့အခွင့်အရေး၊ လူမှုဖူလုံရေးတို့ကိုလည်း အလေးထား လုပ်ဆောင်နေတယ်လို့ သူက ပြောပါတယ်။

ပြန်လည်ပို့ဆောင်လိုက်သူ တစ်ဦးချင်းစီရဲ့ ဘေးကင်းရေးနဲ့ ပတ်သက်လို့ မြန်မာ အစိုးရက အာမခံချက်တွေ ပေးထားကြောင်းလည်း မလေးရှား အစိုးရက ပြောပါတယ်။

မလေးရှားဟာ ၁၉၅၁ ဒုက္ခသည်များဆိုင်ရာ သဘောတူညီချက်ကို လက်မှတ်ထိုးထားတဲ့ နိုင်ငံ မဟုတ်ပေမယ့် လက်ရှိ မလေးရှား အစိုးရက တရားဥပဒေ စိုးမိုးမှုနဲ့ နိုင်ငံတကာ လူ့အခွင့်အရေး စံချိန်စံညွှန်းတွေကို ထိန်းသိမ်းရေး အစီအစဉ်တိုင်း သေချာအောင် ဆောင်ရွက်ရေး ကတိပြုထားပါတယ်။

ပြန်လည်ပို့ဆောင်ရေး လုပ်ငန်းစဉ် အန္တရာယ်ကင်းစွာနဲ့ တာဝန်ခံမှုရှိစွာ ပြီးဆုံးရေး အနီးကပ် စောင့်ကြည့်မှုကို အဆင့်အားလုံးမှာ လုပ်ဆောင်သွားမှာ ဖြစ်ပြီး လူ့အခွင့်အရေး ချိုးဖောက်မှု ပုံစံ တစ်ခုမှ မရှိစေရဘူးလို့ သူက အောက်တိုဘာ ၂၁ ရက် လွှတ်တော်သို့ အကြောင်းပြန်စာမှာ ပြည်ထဲရေးဝန်ကြီးက ရေးသားထားပါတယ်။

ရိုဟင်ဂျာ ၅၀၀၀ ကို ပြန်လည်ပို့ဆောင်ရေး လုပ်ငန်းစဉ် စီစဉ်တကျ ဖြစ်စေရေး လူသားဆန်တဲ့ အပြုအမူနဲ့ ပြုလုပ်နိုင်ရေး အဲဒီ ယန္တယားတွေနဲ့ အချိန် သတ်မှတ်ချက်တို့နဲ့ ပတ်သက်တဲ့ အစိုးရရဲ့ အစီအစဉ်ကို လွှတ်တော်အမတ် တစ်ဦးရဲ့ မေးမြန်းချက်ကို ဝန်ကြီးက အခုလိုမျိုး တုံ့ပြန်လာတာပါ။

ပြည်ထဲရေးဝန်ကြီးဌာနက လဝက ထိန်းသိမ်းရေး စင်တာတွေမှာ ဖမ်းဆီးထားတဲ့ မြန်မာ ဒုက္ခသည် ၅၀၀၀ ကို ပြန်လည်ပို့ဆောင်ရေး အသုတ်လိုက် အကောင်အထည် ဖော်နေပြီး လူဝင်မှု ကြီးကြပ်ရေး၊ တခြား သက်ဆိုင်ရာ အေဂျင်စီတွေနဲ့ လက်တွဲ ဆောင်ရွက်နေကြောင်း သိရပါတယ်။

လက်ရှိ မြန်မာနိုင်ငံသို့ ပြန်ပို့ထားသူတွေကို မြန်မာနိုင်ငံရဲ့ ကုန်ကျစရိတ်နဲ့ ရေတပ် သင်္ဘော သုံးစီးနဲ့ ပြန်ခေါ်ယူခဲ့တာ ဖြစ်ပြီး ရိုဟင်ဂျာတွေ မပါဝင်သေးဘူးလို့ သိရပါတယ်။

နေပြည်တော် အစိုးရက မြန်မာနိုင်ငံသား ဒုက္ခသည်တွေကို ပြန်ခေါ်နေပေမယ့် ရိုဟင်ဂျာတွေကိုတော့ ပြန်မခေါ်သေးဘူးလို့ သိရပါတယ်။

ဒုက္ခသည်တွေကို မလေးရှားက တဖက်သတ် ပြန်လည် ပို့ဆောင်နေတာ မဟုတ်ဘဲ မြန်မာ အစိုးရနဲ့ အပြန်အလှန် ညှိနှိုင်းမှုတွေ လုပ်ပြီး ပြန်လည် ပို့ဆောင်နေတာ ဖြစ်တယ်လို့ မလေးရှား ပြန်ထဲရေးဝန်ကြီးက ပြောဆိုထားပါတယ်။

Ref:TheStraitsTimes

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.