နေပြည်တော်၊ အောက်တိုဘာ ၂၂

မွန်ပြည်နယ်အတွင်းရှိ စစ်ဆေးရေးဂိတ်တွေမှာ ငွေကြေးတောင်းခံရင် တိုင်ကြားနိုင်ပြီး တည်ဆဲဥပဒေ၊ နည်းဥပဒေတွေနဲ့အညီ အရေးယူသွားမယ်လို့ စစ်တပ် အသွင်းပြောင်း အစိုးရအဖွဲ့ရဲ့ ပြည်ထဲရေး ဒုတိယဝန်ကြီး ဗိုလ်ချုပ်မင်းသူက ပြောပါတယ်။

မနေ့ အောက်တိုဘာ ၂၁ ရက်နေ့က ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ရေးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်သန်းမြင့်က မွန်ပြည်နယ်အတွင်းရှိ စစ်ဆေးရေးဂိတ်တွေမှာ တရားမဝင် ဂိတ်ကြေးကောက်ခံနေမှု ပပျောက်ရေး ဆောင်ရွက်ပေးဖို့ အစီအစဉ် ရှိ မရှိ မေးခွန်းမေးမြန်းခဲ့တာပါ။

မေးခွန်းရှင်က ဒေသတွင်း ကုန်စည်သယ်ယူပို့ဆောင်ရေးလမ်းကြောင်းတွေမှာ စစ်ဆေးရေးဂိတ်တွေက တရားမဝင် ငွေကြေးကောက်ခံမှုတွေ များပြားလာတာကြောင့် ကုန်ဈေးနှုန်းတွေ မြင့်တက်လာတယ်လို့ ပြောပါတယ်။

ဒီမေးခွန်းကို ဗိုလ်ချုပ်မင်းသူက မွန်ပြည်နယ်မှာ စစ်ဆေးရေးဂိတ် ၁၂ ခု ဖွင့်လှစ်ထားပြီး အဲဒီဂိတ်တွေမှာ ဌာနစုံပါဝင်တဲ့ ပူးပေါင်းအဖွဲ့တွေက မူးယစ်ဆေးဝါး၊ လိုင်စင်မဲ့ယာဉ်နဲ့ တရားမဝင်ကုန်ပစ္စည်းတွေကို အဓိက စစ်ဆေးနေတယ်လို့ ဆိုပါတယ်။

အဲဒီလို စစ်ဆေးဆောင်ရွက်ရာမှာ ကုန်စည်စီးဆင်းမှု အဟန့်အတားမဖြစ်စေရေး ငွေကြေးတောင်းခံမှုတွေ မရှိစေရေးနဲ့ ပြည်သူတွေနဲ့ ဆက်ဆံရာမှာ ယဉ်ကျေးပျူငှာစွာ ဆက်ဆံဖို့ အလေးထားကြပ်မတ်ဆောင်ရွက်လျက်ရှိတယ်လို့ ပြောပါတယ်။

ဒါကြောင့် စစ်ဆေးရေးဂိတ်တွေမှာ ငွေကြေးကောက်ခံမှုတွေကို တိုင်ကြားလာပါက တည်ဆဲဥပဒေ၊ နည်းဥပဒေတွေနဲ့အညီ အရေးယူဆောင်ရွက်သွားမယ်လို့ ဗိုလ်ချုပ်မင်းသူက လွှတ်တော်မှာ ပြန်လည်ဖြေဆိုသွားပါတယ်။

မြေပြင်မှာတော့ စစ်ဆေးရေးဂိတ်တွေဟာ ကုန်ပစ္စည်း သယ်ဆောင်တာအပြင် ခရီးသွားပြည်သူတွေဆီကနေ နည်းလမ်းအမျိုးမျိုးနဲ့ ငွေကြေးတောင်းခံမှုတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.