ဒီမွန်နာ၊ အောက်တိုဘာ ၂၂

အီရန်ရဲ့ ခြိမ်းခြောက်မှု အန္တရာယ်တွေကို ဖယ်ရှားပစ်ဖို့ တစ်ခုတည်းသော နည်းလမ်းကတော့ အီရန် အစိုးရကို ဖြုတ်ချပစ်ဖို့ပဲ ဖြစ်တယ်လို့ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမန် နေတန်ညာဟုက ပြောလိုက်ပါတယ်။

အီရန်က မိမိတို့ကို ဖျက်ဆီးပစ်ချင်ခဲ့တာ ဖြစ်ပြီး မိမိတို့က သူတို့ကို တားဆီးခဲ့ရတယ်လို့ နေတန်ညာဟုက ပြောပါတယ်။

သူတို့က နျူကလီးယား ဗုံးတွေ ထုတ်လုပ်ချင်ခဲ့ပြီး မိမိတို့က သူတို့ကို တားဆီးခဲ့ရကြောင်း တောင်ပိုင်းမြို့ ဒီမွန်နာမှာ ပြုလုပ်တဲ့ ရွေးကောက်ပွဲ စုဝေးပွဲ တစ်ခု အတွင်း အစ္စရေးဝန်ကြီးချုပ်က အခုလို ပြောဆိုလာတာပါ။

ဒါကြောင့် ဒီလို အီရန်ရဲ့ အန္တရာယ်တွေ ခြိမ်းခြောက်မှုတွေကို အဆုံးသတ်စေဖို့ တစ်ခုတည်းသော နည်းလမ်းကတော့ ဒီအစိုးရကို ဖြုတ်ချပစ်ဖို့ပဲ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါက အစ္စရေး ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ မိုးဆက် ထောက်လှမ်းရေး၊ မိမိတို့ရဲ့ လုံခြုံရေး ဌာနခွဲတွေ အားလုံးအတွက် မိမိ ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက် ဖြစ်တယ်လို့ သူက ဖြည့်စွက် ပြောဆိုပါတယ်။

ဒါပေမဲ့ အဲဒီ ညွှန်ကြားချက်ကို ဘယ်အချိန်မှာ ဘယ်လို အပြီးသတ် ဆောင်ရွက်မယ်ဆိုတာနဲ့ ပတ်သက်လို့ သူက အသေးစိတ် ပြောထားတာ မရှိပါဘူး။

အကြိတ်အနယ် ယှဉ်ပြိုင်ရမယ့် ရွေးကောက်ပွဲ ကျင်းပဖို့ နီးကပ်လာချိန်မှာ နေတန်ညာဟုက အီရန်ရဲ့ အန္တရာယ်တွေနဲ့ ပတ်သက်လို့ အခုလိုမျိုး ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

အီရန်ကို တိုက်ခိုက်မှုတွေ ပြန်လည် စတင်ဖို့ နေတန်ညာဟုက ယခုလ စောစောပိုင်းက အစ္စရေး စစ်တပ်ကို ညွှန်ကြားခဲ့ကြောင်း သတင်းရင်းမြစ်တွေကို ကိုးကားပြီး Financial Times သတင်းဌာနက အောက်တိုဘာ ၂၁ ရက်မှာ ရေးပါတယ်။

ဒါပေမဲ့ တိုက်ခိုက်မှုတွေ ပြန်စမယ့် အစီအစဉ်ကို အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က ပယ်ချခဲ့တယ်လို့ ဆိုပါတယ်။

အစ္စရေးနဲ့ အတူ ဖေဖော်ဝါရီလက ဝါရှင်တန် စတင်ခဲ့တဲ့ စစ်ပွဲကို လာမယ့်လ လဆန်းပိုင်း အမေရိကန် သက်တမ်းဝက် ရွေးကောက်ပွဲ မတိုင်ခင် ပြန်စဖို့ မရည်ရွယ်ထားဘူးလို့ အမေရိကန် ခေါင်းဆောင်က လူသိရှင်ကြား ပြောပါတယ်။

အစ္စရေး ရွေးကောက်ပွဲကို ထရန့်က လက်ခံ အတည်ပြုပေးခဲ့တဲ့အတွက် သူ့ကို ကျေးဇူးတင်ကြောင်း နေတန်ညာဟုက အခုသီတင်းပတ်အတွင်း ဗီဒီယို ဖိုင်တစ်ခုမှာ ပြောထားပြီး ခေါင်းဆောင် နှစ်ဦးအနေနဲ့ အီရန်မှာ အပြီးသတ် ဆောင်ရွက်စရာ အလုပ်တစ်ခု ရှိနေသေးတယ်လို့ ဆိုပါတယ်။

အစ္စရေး ကာကွယ်ရေး ဝန်ကြီး အစ္စရေး ကာ့ဇ်က အီရန်အစိုးရဟာ အားအနည်းဆုံး အခြေအနေသို့ ရောက်ရှိနေ ပြီး ဒီအားနည်းမှုက အပြင်းထန်ဆုံး ခြေလှမ်းတွေ လှမ်းလာနိုင်တယ်ဆိုတာကို မိမိတို့ အသိအမှတ်ပြုကြောင်း တုံ့ပြန်ထားပါတယ်။

အီရန်အနေနဲ့ အစ္စရေးကို တိုက်ခိုက်ရင် အီရန် မီးလောင်မြိုက်သွားလိမ့်မယ်လို့လည်း အစ္စရေး ကာကွယ်ရေးဝန်ကြီးက သတိပေးပါတယ်။

လာမယ့် ရွေးကောက်ပွဲကို အစ္စရေး ရန်သူတွေက နှောင့်ယှက်ဖို့ ကြိုးပမ်းမှုတွေနဲ့ ပတ်သက်လို့လည်း ကာကွယ်ရေးဝန်ကြီးက သတိပေးထားပါတယ်။

ဒါပေမဲ့ ရွေးကောက်ပွဲကို အနှောင့်အယှက် ဖြစ်အောင် လုပ်ဆောင်ဖို့ အစ္စရေး ရန်သူတွေက ဘယ်လို ကြိုးပမ်းနေတယ်ဆိုတာကိုတော့ သူက ထုတ်ဖော်ပြောကြားတာ မရှိပါဘူး။

အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုများကြောင့် အီရန်က ကမ္ဘာ့ လောင်စာ အတွက် အရေးပါတဲ့ ဟောမု့ဇ် ရေလက်ကြားကို ပိတ်ထားပြီး အမေရိကန်ကလည်း အီရန်ကို ပိတ်ဆို့မှုတွေ ပြုလုပ်ထားပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.