တောမီးနဲ့ အဆိပ်အတောက် ဖြစ်စေတဲ့ မီးခိုးမြူတွေကြောင့် အင်ဒိုနီးရှား နိုင်ငံသားတွေ ဒေါသထွက်

ဂျကာတာ ၊ အောက်တိုဘာ ၂၁

တောမီး လောင်ကျွမ်းမှုနဲ့ အဆိပ်ရှိ မီးခိုးမြူတွေ ပျံ့လွင့်မှုကြောင့် လူထောင်ပေါင်းများစွာ နာမကျန်းဖြစ်မှုနဲ့ ပတ်သက်လို့ အောက်တိုဘာ ၂၀ ရက်က အင်ဒိုနီးရှား နိုင်ငံသားတွေ မြို့ အချို့မှာ ဆန္ဒပြခဲ့ကြပါတယ်။

အင်ဒိုနီးရှားမှာ လောင်ကျွမ်းနေတဲ့တောမီးတွေကြောင့် အရှေ့တောင်အာရှတဝန်း အန္တရာယ်ရှိတဲ့ လေထု ညစ်ညမ်းမှုနဲ့ ရင်ဆိုင်နေရပါတယ်။

အောက်တိုဘာ ၂၀ ရက်က ဒုတိယနှစ် ရာထူး သက်တမ်း ပြည့်ခဲ့တဲ့ သမ္မတ ပရာဘိုဝို ဆူဘီယန်တို အစိုးရကို လုံးဝ မကျေနပ်ကြောင်း ကျောင်းသားတွေ ဦးဆောင်ပြီး ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။

ဇူလိုင်လကတည်းက ဘော်နီယိုနဲ့ တောင်ဆူလာဝေစီအပြင် ဂျာဗားကျွန်းမှာ လောင်ကျွမ်းနေတဲ့ တောမီးတွေကို အာဏာပိုင်တွေက မငြှိမ်းသတ်နိုင်တာကြောင့် အင်ဒိုနီးရှား ပြည်သူတွေ ဒေါသထွက်နေကြတာ ဖြစ်ပါတယ်။

မိမိတို့ အသက်ရှူလိုတာကြောင့် တောမီးတွေ ချက်ချင်း ငြှိမ်းသတ်ပေးဖို့ ဆန္ဒပြသူတွေက တောင်းဆိုခဲ့ကြပါတယ်။

မီးခိုးမြူတွေကြောင့် ရောင်းအားကျပြီး ဈေးနှုန်းတွေ မြင့်တက်လာလို့ ဝင်ငွေ မရှိသလောက် ဖြစ်နေတယ်လို့ အသက် ၄၀ အရွယ် လမ်းဘေး ဈေးသည် တစ်ဦးက ပြောပါတယ်။

အင်ဒိုနီးရှားမှာ ခြောက်သွေ့တဲ့ ရာသီရောက်တိုင်း တောမီး လောင်ကျွမ်းမှုနဲ့ ရင်ဆိုင်နေရလေ့ရှိပေမယ့် အခုနှစ် တောမီး လောင်ကျွမ်းမှုက အယ်လ်နီညို ရာသီ ဥတု အခြေအနေကြောင့် အများကြီး ပြင်းထန်နေပါတယ်။

ဆန္ဒပြသူ တချို့က နိုင်ငံတော် အရေးပေါ် အခြေအနေ ကြေညာရေး တောင်းဆိုထားပါတယ်။

တောမီး လောင်ကျွမ်းနေမှု ငြိမ်းသတ်ရေး ကြိုးပမ်းမှုတွေမှာ စေတနာ့ဝန်ထမ်းများ အပါအဝင် မီးသတ်သမား ၆၀၀၀၀ ကျော် ပါဝင်ကြောင်း အမျိုးသား သဘာဝ ဘေးအန္တရာယ် လျော့ပါးရေးဌာန ပြောရေးဆိုခွင့်ရှိသူ ဘာတွန် ပန်ဂျိုင်တန်က ပြောပါတယ်။

ရေဖြန်းဖို့ မိုးရွာအောင် တိမ်ထုဖန်တီးရေး ကြိုးပမ်းမှုတွေအတွက် လေယာဉ်အစီးရေ ၄၉ စီး အသုံးပြုနိုင်ပေမယ့် ဝေဟင်မှာ မီးခိုးမြူတွေ ဖုံးလွှမ်းနေတာကြောင့် အသုံးမပြုနိုင် ဖြစ်နေရပါတယ်။

၂၀၂၆ ပထမဆုံး ၉ လမှာ အင်ဒိုနီးရှား မြေယာ မီးလောင်ကျွမ်းမှု ဟက်တာ ၁ ဒသမ ၉ သန်းကျော် လောင်ကျွမ်းသွားခဲ့ပြီ ဖြစ်ကြောင်း အင်ဒိုနီးရှား တောမီးစောင့်ကြည့်ရေးအဖွဲ့က ပြောပါတယ်။

အင်ဒိုနီးရှား တောမီးတွေကြောင့် မလေးရှားနဲ့ စင်ကာပူအပြင် တခြား ဒေသတွင်း ကိုပါ ကျန်းမာရေးနဲ့ မညီတဲ့ လေထု ညစ်ညမ်းမှုတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.