မြန်မာနဲ့ ပြန်လည် ပေါင်းစည်းရေး အာဆီယံ လာမယ့်လ ဆွေးနွေးမယ်

ဘန်ကောက်၊ အောက်တိုဘာ ၂၆

အာဆီယံက မြန်မာနိုင်ငံကို ဘယ်လို ဆက်ဆံရမလဲဆိုတာ လာမယ့်လအတွင်းကျင်းပမယ့် ညီလာခံမှာ ဆွေးနွေးသွားဖို့ စီစဉ်ထားပါတယ်။

၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ့နိုင်ငံရေး ခေါင်းဆောင်တွေကို အာဆီယံ ထိပ်သီး အစည်းအဝေးတွေကနေ တားမြစ်ထားခဲ့ပါတယ်။

စစ်တပ်ထောက်ခံတဲ့ အစိုးရနဲ့ ဆက်ဆံရေး တိုးချဲ့ဖို့ အမေရိကန်ရဲ့ ကြိုးပမ်းမှုကို ထောက်ခံ ကြိုဆိုကြောင်း ထိုင်းအစိုးရကလည်း ပြောထားပါတယ်။

ထိုင်း လက်ထောက်ဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက်က နေပြည်တော် အရာရှိတွေနဲ့ အမေရိကန် မကြာသေးခင်က တွေ့ဆုံမှုကို ကြိုဆိုကြောင်း ရိုက်တာသတင်းဌာနနဲ့ တွေ့ဆုံမှုအတွင်း ပြောပါတယ်။

မြန်မာနိုင်ငံ အထီးကျန် ဖြစ်နေတာကို မိမိတို့ မမြင်လိုကြောင်းနဲ့ မြန်မာနိုင်ငံကို ပထဝီ နိုင်ငံရေး ပြိုင်ဆိုင်မှု ကွင်းပြင် တစ်ခု မဖြစ်လာစေလိုဘူးလို့ ဆီဟာဆက်က ပြောပါတယ်။

ဒါပေမဲ့ စေ့စပ် ဆက်ဆံမှုတွေက တရားဝင် အစိုးရ ဖြစ်တယ်လို့ ဆိုလိုတာ မဟုတ်ကြောင်း သူက အခိုင်အမာ ပြောဆိုပါတယ်။

အာဆီယံရဲ့ သဘောထားရပ်တည်ချက် ပြောင်းလဲလာနေတဲ့ လက္ခဏာတွေလည်း ထွက်ပေါ်နေပါတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ဆိုပါတယ်။

လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ ထိုင်းနဲ့ မလေးရှားတို့ကို မြန်မာ သမ္မတ မင်းအောင်လှိုင် သွားရောက်ခဲ့တာတွေက အာဆီယံ အဖွဲ့ရဲ့ သဘောထား ရပ်တည်ချက် တချို့ ပြောင်းလဲ သွားတဲ့ အထောက်အထားတွေ ဖြစ်တယ်လို့ ဆီဟာဆက်က မှတ်ချက်ပြုပါတယ်။

လာမယ့်လ မနီလာမြို့မှာ ကျင်းပမယ့် အာဆီယံ ထိပ်သီး ဆွေးနွေးပွဲမှာ မြန်မာ နေရာရ သင့်၊မရသင့်နဲ့ ပတ်သက်လို့ လေးလေးနက်နက် ဆွေးနွေးသွားဖို့ရှိတယ်လို့ ဆီဟာဆက်က ဟောကိန်းထုတ်ထားပါတယ်။

ဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည် ဖော်ဖို့ ပျက်ကွက်တာနဲ့ ပတ်သက်လို့ မင်းအောင်လှိုင်ကို ထိပ်သီး အစည်းအဝေးတွေကနေ တားမြစ်ထားတာကြောင့် မြန်မာနိုင်ငံကို ရာနှုန်းပြည့် အစည်းအဝေးတွေ တက်ရောက်ခွင့် ပေးမှာလားဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ သူက ပြောပါတယ်။

မြန်မာ စစ်တပ်ခေါင်းဆောင်ပိုင်းနဲ့ အမေရိကန် စေ့စပ် ဆက်ဆံမှုတွေ ပိုများလာနေချိန်မှာ ထိုင်းအစိုးရရဲ့ အခုလို သဘေားထား ရပ်တည်ချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ခေါင်းဆောင်တွေကို ရှောင်ဖယ်ဖယ် လုပ်နေခဲ့တဲ့ အမေရိကန်က မြန်မာ စစ်တပ် အရာရှိတွေနဲ့ ဂျပန် နိုင်ငံမှာ အနည်းဆုံး နှစ်ကြိမ် တွေ့ဆုံခဲ့ ပါတယ်။

ထောက်လှမ်းရေးနဲ့ သုတေသနဆိုင်ရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး မိုက်ကယ် ဗင့်စ် နေပြည်တော်သို့ သွားရောက်ပြီး ဖမ်းဆီးခံထားရတဲ့ အမေရိကန် နိုင်ငံသား စီးပွားရေးလုပ်ငန်းရှင် တစ်ဦး ပြန်လွတ်မြောက် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါတယ်။

ဗင့်ဇ်ဟာ ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်း မင်းအောင်လှိုင်နဲ့ လူကိုယ်တိုင်တွေ့ဆုံတဲ့ အဆင့်အမြင့်ဆုံး အမေရိကန် အရာရှိ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် မူဝါဒ အပြောင်းအလဲ လက္ခဏာတွေဟာ ပြီးခဲ့တဲ့နှစ် ဇူလိုင်လက စတင်ထွက်ပေါ်လာခဲ့တာပါ။

အခွန်တိုးမြှင့်ကောက်ခံကြောင်း အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က စာရေးသားပေးပို့ အကြောင်းကြားချိန်ကလည်း မင်းအောင်လှိုင်ဟာ တခြား ခေါင်းဆောင်တွေလို မဟုတ်ဘဲ ထရန့်ကို ဂုဏ်တင်ပြီး စာပြန်ခဲ့ပါတယ်။

စစ်ခေါင်းဆောင်တွေက အမေရိကန် အစိုးရရဲ့ သဘောထား ပြောင်းလဲလာစေရေး လော်ဘီ အဖွဲ့ တစ်ဖွဲ့ကို ဒေါ်လာ ၃ သန်းနဲ့ စာချုပ်ချုပ်ထားပါတယ်။

Ref:ASIAToday

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.