ကာရာကတ်စ် ၊ အောက်တိုဘာ ၂၆
ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် မာရီယာ ကော်ရီနာ မာချာဒို ပြည်ပမှာ ၁၀ လကျော်ကြာ တိမ်းရှောင်နေခဲ့ပြီးနောက် ဝရုန်းသုန်းကား နိုင်ငံရေး အခြေအနေ ဖြစ်ပေါ်နေတဲ့ မိခင်နိုင်ငံဆီ ပြန်လာပြီ ဖြစ်ပါတယ်။
“ကျွန်မ ဒီကို ရောက်ပါပြီ။ ရှင်တို့နဲ့ အတူ ရှိနေပါပြီ” လို့ မာချာဒိုက လူမှုမီဒီယာ ပေါ်မှာ အောက်တိုဘာ ၂၅ ရက်က ရေးသား ဖော်ပြထားပါတယ်။
အရင်က ပြည်တော်ပြန်ရေး ကြိုးပမ်းမှု အကြိမ်ကြိမ် မအောင်မမြင် ဖြစ်ပြီးနောက်မှာ သူ ဗင်နီဇွဲလားသို့ ပြန်ဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။
နိုဘယ် ငြိမ်းချမ်းရေးဆု လက်ခံရယူဖို့ နော်ဝေနိုင်ငံသို့ မာချာဒို စပိဘုတ်တစ်စီးနဲ့ တိတ်တဆိတ် ထွက်ခွာသွားခဲ့ပြီးနောက် တစ်လအကြာ ဇန်နဝါရီလမှာ အမေရိကန်က သူ့ရဲ့ ပြိုင်ဖက်သမ္မတ နီကိုလာ့စ် မာဒူရိုကို ဖမ်းဆီးခဲ့ပါတယ်။
အဲဒီနောက် အမေရိကန်အစိုးရက မာဒူရိုရဲ့ လက်ထောက် ဒယ်လ်စီ ရိုးရီဂွတ်ဇ်ကိုခေါင်းဆောင်အဖြစ် ထောက်ခံပြီး သူက ယာယီသမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပါတယ်။
နောက်ပိုင်း အမေရိကန်ကို အများကြီး အသားပေးထားတဲ့ ရေနံဆိုင်ရာ သဘောတူညီမှု တစ်ရပ် လက်မှတ် ရေးထိုးခဲ့ပါတယ်။
မစ္စစ် မာချာဒိုဟာ အောက်တိုဘာ ၂၅ ရက်က ဗင်နီဇွဲလားနိုင်ငံ လာရာမြို့က ဘုရှားကျောင်း တစ်ခုမှာ ကျင်းပတဲ့ ဝတ်ပြုဆုတောင်းပွဲကို တက်ရောက်ခဲ့ပါတယ်။
အဲဒီနောက် သူက မြို့တော် ကာရာကတ်စ်သို့ သွားရောက်ပြီး ထောက်ခံသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
သူ့ရဲ့ မဟာမိတ် အရင်က သမ္မတ ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်း အက်မွန်ဒို ဂွန်ဇာလက်ဇ်က သူ ပြန်လည် ရောက်ရှိပြီ ဖြစ်ကြောင်း အတည်ပြုထားပြီး မိမိတို့ ခေါင်းဆောင် မာရီယာ ဗင်နီဇွဲလား မြေပေါ်ကို ပြန်ရောက်လာကြောင်း အသိပေး ကြေညာခွင့်ရတဲ့အတွက် ဝမ်းမြောက်ကြောင်း ကြေညာပါတယ်။
မာချာဒိုဟာ ဗင်နီဇွဲလားသို့ ပြန်လာဖို့ အရင်က ၇ ကြိမ် ကြိုးပမ်းခဲ့ပေမယ့် အကြိမ်တိုင်း ငြင်းပယ်ခံခဲ့ရတယ်လို့ သူ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက စက်တင်ဘာလမှ ပြောဆိုခဲ့ပါတယ်။
သူ့အနေနဲ့ ပြည်တော် ပြန်ဝင်ဖို့ အချိန် မတန်သေးကြောင်း အမေရိကန် အရာရှိတွေကလည်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
အခု ဗင်နီဇွဲလားသို့ ပြန်ရောက်လာချိန်မှာ သူ့အနေနဲ့ ဘာတွေ လုပ်ဖို့ စီစဉ်ထားသလဲ ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
သူပြည်တော် ပြန်ဝင်မယ့် ကိစ္စနဲ့ ပတ်သက်လို့ ထရန့် အစိုးရက မကြာသေးခင်က ခွင့်ပြုလိုက်ပုံ ရပါတယ်။
မာချာဒိုဟာ ပါတီတွင်း ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပေမဲ့လည်း မာဒူရို အစိုးရက သူ့ကို အစိုးရရာထူး ဝင်ပြိုင်ခွင့် တားမြစ်ထားခဲ့ပါတယ်။
သူဟာ နိုဘယ်ငြိမ်းချမ်းရေးဆု လက်ခံဖို့ နော်ဝေနိုင်ငံသို့ ထွက်ပြေးမလာခင် လုံခြုံတဲ့ နေရာတွေမှာ ပုန်းအောင်နေခဲ့ရပါတယ်။
မာဒူရိုကို အမေရိကန် စစ်တပ်က ဇန်နဝါရီလအတွင်း ဖယ်ရှားခဲ့ပြီး လောလောဆယ် မူးယစ်ဆေးဝါးမှု၊ လက်နက်မှုနဲ့ ညှဉ်းပန်းနှိပ်စက်မှု စွဲချက်တွေနဲ့ နယူးယောက်မှာ အချုပ်ကျခံနေရပါတယ်။
Ref:BBC

