MUP က ပါတီရှင်သန်ရေးအတွက် စစ်အုပ်စုနဲ့ အပေးအယူ လုပ်နေရ

မော်လမြိုင် ၊ အောက်တိုဘာ ၂၅

မွန်ညီညွတ်ရေးပါတီ MUP က လူ့အသိုက်အဝိုင်းအတွင်း စိမ့်ဝင်ပျံ့နှံ့အောင် ပါတီအုတ်မြစ်ချရမယ့်အစား အာဏာပိုင်အုပ်စုနဲ့ အပေးအယူလုပ်ပြီး ပါတီရှင်သန်ရေးကိုသာ လုပ်ဆောင်နေရတယ်လို့ အောက်တိုဘာ ၂၃ ရက်မှာ ထုတ်ပြန်တဲ့ သုတေသနစာတမ်းတစ်စောင်က ဖော်ပြပါတယ်။

ရာမညဖက်ဒရယ်အင်အားစုသစ် NRFF ရဲ့ ရာမညဒေသလေ့လာရေးဌာန CRS က မွန်ညီညွတ်ရေးပါတီနဲ့ပတ်သက်ပြီး ပါတီရှင်သန်ရေးအတွက်လား မွန်ပြည်သူကောင်းစားရေးအတွက်လား စစ်အာဏာရှင်တရားဝင်ရေးအတွက်လားဆိုတဲ့ သုတေသနစာတမ်းစောင်ကို ထုတ်ပြန်ခဲ့ပါတယ်။

၂၀၂၅ – ၂၀၂၆ ရွေးကောက်ပွဲကို ဝင်ပြိုင်ပြီး အထိုက်အလျောက်အနိုင်ရခဲ့တဲ့ မွန်ညီညွတ်‌ရေးပါတီက လက်ရှိ စစ်အုပ်စုဦးဆောင်တဲ့ လွှတ်တော်နဲ့ အစိုးရအဖွဲ့ထဲမှာ ပါဝင်နေတဲ့အတွက် မွန်တော်လှန်ရေးအင်အားစုတွေနဲ့ မွန်ပြည်သူတွေအတွက် ဘယ်လို သက်ရောက်မှုရှိနေကြောင်း သုတေသနပြု လေ့လာထားတာပါ။

မွန်ညီညွတ်ရေးပါတီဟာ ကြံ့ခိုင်ရေးပါတီ USDP နဲ့ NLD ပါတီ တို့လို အင်အားကြီးပါတီတွေနဲ့ နှိုင်းယှဉ်ရင် သက်တမ်းနုနေသေးတာမို့ မွန်အီလစ်နိုင်ငံရေးသမားနဲ့ ပါတီအမာခံတို့ စုဝေးရာ ကေဒါပါတီအဖြစ်သာ မြင်ရတယ်လို့ ဆိုပါတယ်။

မွန်ပြည်နယ်အတွင်းမှာတင် ဘယ်လူမျိုး ဘယ်ဘာသာ၊ ကျေးလက်မြို့ပြ လူတန်းစားမဆို ဝန်းရံပါဝင်တဲ့ လူထုပါတီအဖြစ် အဆင့်တက်ကူးပြောင်းဖို့ လိုအပ်နေတာပါ။

မူဘောင်အခြေပြုပါတီတည်ဆောက်ရေးအမြင်အရ မွန်ညီညွတ်ရေးပါတီက အောက်ခြေလူထုကို စည်းရုံးလှုံ့ဆော်မှု ကိုယ်စားလှယ်ရှာဖွေစုဆောင်းမှုနဲ့ ပါတီတွင်း စီမံအုပ်ချုပ်မှုတွေမှာ စနစ်တကျ ခိုင်မာတဲ့ လုပ်ထုံးလုပ်နည်း မရှိနေပါဘူး။

ဒါကြောင့် လူ့အသိုက်အဝိုင်းအတွင်း စိမ့်ဝင်ပျံ့နှံ့အောင် ပါတီအုတ်မြစ်ချရမယ့်အစား အာဏာပိုင်အုပ်စုနဲ့ အပေးအယူလုပ်ပြီး ပါတီရှင်သန်ရေးကိုသာ လုပ်ဆောင်နေရတယ်လို့ စာတမ်းက ထောက်ပြထားတာ တွေ့ရပါတယ်။

မွန်ညီညွတ်ရေးပါတီက ၂၀၂၁ စစ်အာဏာသိမ်းမှုမှာ စစ်အုပ်စုနဲ့ ပူး‌ပေါင်းပြီး ပါတီရှင်သန်ရပ်တည်နိုင်အောင် အားထုတ်ခဲ့ပေမယ့် မွန်ပြည်အတွက် နိုင်ငံရေးပြန်ရချက် အမြတ်တစ်စုံတစ်ရာ သိသိသာသာ ထုတ်ပြနိုင်ခြင်း မရှိခဲ့ဘူးလို့ ဆိုပါတယ်။

လာမယ့် ၂၀၂၆ – ၂၀၃၀ ငါးနှစ်အတွင်းမှာ မွန်ညီညွတ်ရေးပါတီအနေနဲ့ ကျေးရွာနဲ့ ရပ်ကွက်အဆင့်ထိ ပါတီတည်ဆောက်ရေးအတွက် ဗျူဟာမြောက်လုပ်ငန်းစဉ်တွေ ချမှတ်ဖော်ဆောင်နိုင်ခြင်း မရှိသေးဘူးလို့ သုံးသပ်ထားတာပါ။

ပြည်နယ်တွင်းမှာလည်း စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးပြီး အတင်းအဓမ္မ စစ်မှုထမ်းခိုင်းစေမှု၊ စစ်ဆေးရေးဂိတ်တွေမှာ ငွေကြေးတောင်းခံနေမှုတွေ ဌာနဆိုင်ရာ ဝန်းထမ်းတွေနဲ့ အရာရှိတွေရဲ့ လာဘ်ပေးလာဘ်ယူမှုနဲ့ အဂတိလိုက်စားမှုတွေကို ကိုယ်စားလှယ်ဆိုသူတွေက မေးခွန်းထုတ်နိုင်ခြင်း မရှိသေးပါဘူး။

ဒါ့အပြင် အထွေထွေကုန်ဈေးနှုန်းကြီးမြင့်ပြီး စားဝတ်နေရေးကျပ်တည်းလာခြင်း လျှပ်စစ်မီးပုံမှန်မရခြင်း ပြည်ပထွက် အလုပ်လုပ်ခွင့် ကန့်သတ်ခံရခြင်း နိုင်ငံခြားသွင်းကုန် ပိတ်ပင်တားဆီးခံရခြင်းတို့မှာလည်း ပြည်သူတွေ ရင်ဆိုင်နေကြရတာပါ။

လတ်တလောမှာ မွန်အမျိုးသားကျောင်းတွေ ကျောင်းပြောင်းတဲ့အခါ အရည်အချင်းစစ် စာမေးပွဲဖြေဆိုခိုင်းတဲ့အပေါ် မွန်ညီညွတ်ရေးပါတီအနေနဲ့ အရေးတကြီး ရပ်တည်ထွက်ဆိုဖို့ လိုအပ်နေတယ်လို့ စာတမ်းက တိုက်တွန်းထားတာ တွေ့ရပါတယ်။

မွန်ပြည်သူတစ်ဦးက MUP ပါတီအနေနဲ့ ပြည်နယ်အခြေပြုပြီး ကိုယ်စားလှယ်ဦးရေ အားကောင်းပေမယ့် လွှတ်တော်ကို ပြည်ခိုင်ဖြိုးက ထိန်းချုပ်ထားတဲ့အတွက် နိုင်ငံတော်ပေါ်လစီနဲ့ သက်ဆိုင်တာတွေကို မထိရဲကြဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ဒေသကို (မွန်ပြည်နယ်) အခြေပြုပြီးတော့ ယှဉ်ပြိုင်ရတဲ့ ပါတီဖြစ်တဲ့အတွက် ဒေသတွင်းမှာ မဲရလဒ်အရတော့ လွှတ်တော်ကိုယ်စားလှယ်ဦးရေအရတော့ အားကောင်းတာပေါ့။ ဒါပေမယ့် တကယ်တမ်း လွှတ်တော်ကို ထိန်းချုပ်ထားတာက ပြည်ခိုင်ဖြိုးအစိုးရဖြစ်တဲ့အတွက် တချို့ဟာတွေက စစ်မှုထမ်းလိုမျိုး နိုင်ငံတော်ပေါ်လစီနဲ့ ပတ်သက်တဲ့ဟာဆို မထိရဲ မတို့ရဲကြဘူး၊ ပြောဆိုမရဲကြဘူး။ နောက်တစ်ခုက လက်ရှိ ရွေးကောက်ခံ လွှတ်တော်အမတ်တွေ ကိုယ်တိုင်က အကြောက်တရားမကင်းနေဘူး၊ သူတို့ ကိုယ်တိုင်ကလည်း စိုးရိမ်ကြောက်ကြမှုတွေ များတယ်”လို့ ဆိုပါတယ်။

၂၀၂၅ – ၂၀၂၆ ရွေးကောက်ပွဲမှာ အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်မှာ ကိုယ်စားလှယ် ၅ ဦးစီနဲ့ မွန်ပြည်နယ်လွှတ်တော်မှာ ကိုယ်စားလှယ် ၇ ဦး ရွေးကောက်ခံရပြီး အဲဒီအရေအတွက်ဟာ ပြည်နယ်မှာ ဒုတိယအများဆုံးဖြစ်ပါတယ်။ ဒါပေမယ့် အစိုးရအဆင့်မှာ ဝန်ကြီး နှစ်နေရာသာ ရရှိခဲ့တာပါ။

မွန်ပြည်နယ်လွှတ်တော်မှာတော့ ဥက္ကဌ နေရာ မရရှိခဲ့ပေမယ့် ပြည်နယ်လွှတ်တော်က ဖွဲ့စည်းပေးတဲ့ ရေးရာကော်မတီ ၆ ခုထဲက နှစ်ခုမှာ မွန်ညီညွတ်ရေးပါတီက ဥက္ကဌ နှစ်နေရာ ရရှိခဲ့ပါတယ်။

အာဏာသိမ်း စစ်အုပ်စုက ပြင်ဆင်ပြဌာန်းထားတဲ့ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေမှာ စံနှုန်းမြှင့်ထားတာမို့ မွန်ညီညွတ်ရေးပါတီအတွက် ပြည်‌ထောင်စုတဝန်းလုံး စည်းရုံးမယ့် ပါတီအဖြစ် မှတ်ပုံတင်ဖို့ အခက်အခဲရှိပါတယ်။

အဲဒီဥပဒေအရ ပါတီဝင်ဦးရေ အနည်းဆုံး ငါး‌သောင်း၊ ပါတီရန်ပုံငွေ ကျပ်သိန်းတစ်ထောင်နဲ့ ပါတီရုံးခန်းကိုလည်း မြို့နယ်အားလုံးရဲ့ သုံးပုံတစ်ပု့မှာ ဖွင့်လှစ်ရေး သတ်မှတ်ချက်တွေကြောင့် မွန်ညီညွတ်ရေးပါတီအနေနဲ့ မွန်ပြည်နယ်ကိုသာ အခြေပြုခဲ့ရတာပါ။

နောင်လာမယ့် ရွေးကောက်ပွဲမှာ အဲဒီသတ်မှတ်ချက်ကို မပြင်ဆင်ရင် အထူးသဖြင့် မြို့နယ်သုံးပုံတစ်ပုံမှာ ပါတီရုံးခန်းဖွင့်လှစ်ရမယ့် စံနှုန်းရှိနေရင် မွန်ညီညွတ်ရေးပါတီအဖို့ ပြည်ထောင်စုတစ်ဝန်း စည်းရုံးမယ့် ပါတီအဖြစ် မှတ်ပုံတင်နိုင်မှာ မဟုတ်ဘူးလို့ စာတမ်းက ထောက်ပြပါတယ်။

တစ်ဘက်မှာ စစ်အုပ်စုက သဘောတူထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ၄၃ ချက်ထဲက မွန်ညီညွတ်ရေးပါတီအတွက် အရေးပါလာနိုင်တဲ့ အချက်တချို့ ပါဝင်ပါတယ်။ ပုဒ်မ ၁၈၈ ထပ်တိုးပုဒ်မခွဲ (က) အရ မွန်အပါအဝင် တိုင်းနဲ့ပြည်နယ်လွှတ်တော်တွေမှာ တိုင်းဒေသကြီး ဒါမှမဟုတ်ပြည်နယ် အခြေခံဥပ‌ဒေကို ရေးဆွဲပြဌာန်းခွင့်ပြုလိုက်တာပါ။

စစ်အုပ်စုဦးဆောင်တဲ့ တိုင်းနဲ့ပြည်နယ် အခြေခံဥပဒေရေးဆွဲတဲ့ လုပ်ငန်းစဉ်ပေါ်လာရင် တော်လှန်ရေးအဖွဲ့တွေ ရေးဆွဲနေတဲ့ ဖက်ဒရယ်ယူနစ်ကြားကာလအစီအမံ ဒါမှမဟုတ် ပဋိညာဉ် ဒါမှမဟုတ် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ အားပြိုင်မှု ဖြစ်လာနိုင်တယ်လို့ စာတမ်းက အသိပေးပါတယ်။

အထူးသဖြင့် မွန်ညီညွတ်ရေးပါတီပါဝင်မယ့် မွန်ပြည်နယ်အခြေခံဥပဒေ ရေးဆွဲရေးလုပ်ငန်းစဉ်နဲ့ မွန်တော်လှန်ရေးအဖွဲ့တွေ ဦးဆောင်နေတဲ့ မွန်ပြည်တော်လှန်ရေးပဋိညာဉ်ရေးဆွဲရေးလုပ်ငန်းစဉ်ကြား အပြိုင်အဆိုင်ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။

မွန်ညီညွတ်ရေးပါတီအနေနဲ့ မြန်မာ့ပင်မရေစီးကြောင်း နိုင်ငံရေးလှိုင်းထဲ ကူးခပ်နေဦးမှာဖြစ်လို့ USDP ၊ NLD တို့နဲ့အပြိုင် မူဘောင်အခြေပြုပါတီတည်ဆောက်ရေး ရှေ့ဆက်လုပ်ဆောင်ဖို့သာရှိပြီး ပြည်သူကို မျက်နှာမူ မမူ သမိုင်းကသာ အဆုံးအဖြတ်ပေးသွားမယ်လို့ စာတမ်းမှာ ဖော်ပြထားပါတယ်။

ဒီစာတမ်းနဲ့ပတ်သက်ပြီး မွန်ညီညွတ်ရေးပါတီဘက်က သဘောထားကို သိရှိနိုင်ဖို့ ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ နိုင်သန်းရွှေထံ သံလွင်တိုင်းမ်က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အင်တာဗျူး လက်ခံဖြေဆိုတာ မရှိပါဘူး။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MUP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.