ICJ ရဲ့ ဆုံးဖြတ်ချက်တချို့သာ လိုက်နာမယ်လို့ အာဏာသိမ်း သမ္မတ ပြော

နေပြည်တော်၊ နိုဝင်ဘာ ၂၆

ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို တရားစွဲဆိုခဲ့တဲ့ လူမျိုးသုဉ်းသတ်ဖြတ်မှုအတွက် အပြည်ပြည်ဆိုင်ရာတရားရုံး ICJ ရဲ့ ဆုံးဖြတ်ချက်အပေါ် လိုက်နာသင့်တဲ့ အချက်တွေသာ လိုက်နာသွားမယ်လို့ အာဏာသိမ်း သမ္မတ ဦးမင်းအောင်လှိုင်က ပြောပါတယ်။

မနေ့ နိုဝင်ဘာ ၂၅ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ စစ်တပ် အသွင်ပြောင်း အစိုးရရဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးမှာ ICJ ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး အာဏာသိမ်း သမ္မတက ထုတ်ဖော်ပြောဆိုလာပါတယ်။

အာဏာသိမ်း သမ္မတက ICJ အမှုဟာ မြန်မာနိုင်ငံအပေါ် တစ်ဖက်သတ် စွပ်စွဲချက်တစ်ခုသာ ဖြစ်ပြီး လူမျိုးသုဉ်းစေမှု Genocide ဆိုတဲ့ အသုံးအနှုန်းဟာ နိုင်ငံရဲ့ ဂုဏ်သိက္ခာကို များစွာထိခိုက်စေတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ICJ ရဲ့ မဲခွဲဆုံးဖြတ်မှုကို တာဝန်သိ နိုင်ငံတစ်ခုအနေနဲ့ လုပ်ဆောင်ဖို့ သင့်တာကို လုပ်ဆောင်သွားမှာ ဖြစ်ပြီး လိုက်နာဖို့ မသင့်တာကို လိုက်နာဆောင်ရွက်သွားမှာ မဟုတ်ဘူးလို့ အာဏာသိမ်း သမ္မတက ပြောပါတယ်။

ခုနှစ်နှစ်တာ ကြာမြင့်ခဲ့တဲ့ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို တရားစွဲဆိုခဲ့တဲ့ ရိုဟင်ဂျာတွေအပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှုကို အပြည်ပြည်ဆိုင်ရာတရားရုံး ICJ က ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၉ ရက်နေ့မှာ နောက်ဆုံး စီရင်ချက် ချမှတ်ခဲ့ပါတယ်။

ICJ ရဲ့ ဆုံးဖြတ်ချက်အရ မြန်မာနိုင်ငံဟာ ၂၀၁၇ ခုနှစ်မှာ ရိုဟင်ဂျာတွေအပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှု ကျူးလွန်ခဲ့ပြီး တာဝန်ရှိသူတွေအနေနဲ့ ကျူးလွန်သူတွေကို တားဆီးတာနဲ့အရေးယူဖို့ ပျက်ကွက်ခဲ့တယ်လို့ စီရင်ချက် ချမှတ်ခဲ့ပါတယ်။

ဒါ့အပြင် ရိုဟင်ဂျာတွေအပေါ် လူမျိူးသုဉ်း သတ်ဖြတ်မှု ထပ်မဖြစ်အောင် ဆောင်ရွက်ဖို့၊ ကျူးလွန်သူတွေကို တရားစွဲဆို အရေးယူဖို့နဲ့ ရိုဟင်ဂျာတွေရဲ့ နစ်နာဆုံးရှုံးမှုတွေကို လျော်ကြေးပေးဖို့ အပါအဝင် ဆုံးဖြတ်ချက် ၁၃ ချက် ချမှတ်ခဲ့ပါတယ်။

အပြည်ပြည်ဆိုင်ရာတရားရုံး ICJ က မြန်မာနိုင်ငံဟာ ရိုဟင်ဂျာတွေအပေါ် လူမျိုးသုဉ်း သတ်ဖြတ်မှု ကျူးလွန်ကြောင်း အမိန့်ချမှတ်ပြီးနောက် ဗြိတိန်နိုင်ငံက မြန်မာစစ်ဗိုလ်ချုပ် ငါးဦး ဒဏ်ခတ်ပိတ်ဆို့အရေးယူလိုက်တယ်လို့ ကြေညာထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.