မော်လမြိုင်မှာ ထိုင်းက ဝင်ရောက်လာတဲ့ ကြက်သွန်နီတွေကို စစ်အစိုးရ လိုက်လံစစ်ဆေးနေ

မော်လမြိုင် ၊ နိုဝင်ဘာ ၂၆

မွန်ပြည်နယ် မော်လမြိုင်မြို့မှာ ထိုင်းနိုင်ငံကနေ ဝင်ရောက်လာတဲ့ ကြက်သွန်နီတွေကို စစ်တပ် အသွင်ပြောင်း မွန်ပြည်နယ် အစိုးရ လက်အောက်ခံ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့တွေက လိုက်လံ စစ်ဆေးတာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြည်တွင်းထွက် ကြက်သွန်နီ ဈေးနှုန်း ကြီးမြင့်မှုကြောင့် ထိုင်းနိုင်ငံက ဝင်ရောက်လာတဲ့ ကြက်သွန်နီတွေကို စစ်အစိုးရ လက်အောက်ခံက အခွန်မဆောင်ဘဲ တရားမဝင် တင်သွင်းနေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ လိုက်လံစစ်ဆေးနေတာပါ။

ပြည်တွင်းထွက် ကြက်သွန်နီဈေးနှုန်းတွေဟာ ပြီးခဲ့တဲ့ အောက်တိုဘာ နောက်ဆုံးအပတ်က တစ်ပိဿာကို ကျပ် ၉၈၀၀ ဝန်းကျင်မှ နိုဝင်ဘာ ဒုတိယပတ်အတွင်း ကျပ်၂၅၀၀၀ ဝန်းကျင်ထိ မြင့်တက်လာပြီးနောက် လက်ရှိမှာ တစ်ပိဿာ ကျပ် ၁၈၀၀၀ ဆက်ရှိနေပါတယ်။

ထိုင်းနိုင်ငံကနေ ဝင်ရောက်လာတဲ့ တရုတ် ကြက်သွန်နီတွေဟာ လက်လီ တစ်ပိဿာကို ကျပ် ၁၀၀၀၀ ဝန်းကျင်သာ ရှိပြီး ပြည်တွင်းထွက် ကြက်သွန်နီ ဈေးနှုန်းနဲ့ နှိုင်းယှဉ်ပါက ထက်ဝက် နီးပါး ကွာဟ နေတာပဲ ဖြစ်ပါတယ်။

အိမ်ရှင်မ တစ်ဦး ကတော့ ပြည်တွင်းထွက် ကြက်သွန်နီ ဈေးနှုန်း ကြီးမြင့်နေတာကြောင့် အရင်လို ပေါပေါသီသီ မထည့်နိုင်တော့သလို ဈေးပုံမှန်အတိုင်း မကျသေးတဲ့အတွက် အဆင်မပြေလည်း ဝယ်စားနေရတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ကိုယ်တွေကတော့ ထည့်တော့ တစ်ခြမ်းထည့်တယ်၊အလုံးသေးရင် တစ်လုံး ထည့်လိုက်တာပေါ့။အရင်လိုတော့ ပေါပေါသီသီ မထည့်တော့ဘူးပေါ့။အရင်ကတော့ အနှစ် ရအောင် ထည့်တာပေါ့။အခုကတော့ ခရမ်းချဉ်သီးပဲ အစားထိုး လိုက်တယ်။ဈေးက လျော့လို့မှ မရတာ၊ တက်တော့ ဝယ်စားပဲလေ၊ အဆင်တော့ မပြေဘူးပေါ့၊ မပြေလည်း ဝယ်စားပေါ့”လို့ ဆိုပါတယ်။

ဒါ့အပြင် အခုလို ဈေးနှုန်း သက်သာစွာနဲ့ ထိုင်းနိုင်ငံကနေ ဝင်ရောက် လာတဲ့ ကြက်သွန်နီတွေကို စစ်အစိုးရအနေနဲ့ လိုက်လံ စစ်ဆေးတာဟာ မဖြစ်သင့်သလို ပြည်သူတွေရဲ့ စားဝတ်နေရေး အခက်အခဲကို စာနာနားလည်သင့်တယ်လို့ သူက ဆက်ပြောပါတယ်။

တဖက်မှာတော့ မွန်ပြည်နယ် စစ်အစိုးရ လက်အောက်ခံ လုံခြုံရေးနဲ့နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ရဲထွဋ်က တရားမဝင် ကုန်သွယ်မှုတွေကို ထိရောက်စွာ တားဆီးနှိမ်နင်းဖို့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၉ ရက်နေ့က ပြုလုပ်တဲ့ မွန်ပြည်နယ် တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့ရဲ့ လုပ်ငန်း ညှိနှိုင်း အစည်းအဝေးမှာ သူ့လက်အောက်ခံတွေကို ညွှန်ကြားခဲ့တာပါ။

အခုလို ညွှန်ကြားခဲ့တာကြောင့် ထိုင်းနိုင်ငံကနေ ဝင်ရောက်လာတဲ့ တရုတ် ကြက်သွန်နီတွေကို တရားမဝင် ဝင်ရောက် လာတဲ့ ပုံစံသတ်မှတ်ပြီး လိုက်လံ စစ်ဆေးနေတာ ဖြစ်နိုင်တယ်လို့ ကုန်သည်တွေက ဆိုပါတယ်။

မော်လမြိုင်မြို့မှာတော့ ပြည်တွင်းထွက် ကြက်သွန်နီတွေဟာ မကွေးတိုင်းဒေသကြီးဘက်မှ အများဆုံး ဝင်ရောက်တာ ဖြစ်ပြီး လက်ရှိ ပြည်တွင်းထွက် ကြက်သွန်နီ အဟောင်း ပြတ်လပ်ကာ အသစ် ဝင်ရောက်မှုတွေ ရှိလာပြီး ဖြစ်တယ်လို့ ပွဲရုံ လုပ်ငန်းရှင်တွေဆီက သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.