တနင်္သာရီ၊ နိုဝင်ဘာ ၂၆
တနင်္သာရီတိုင်းမှာ ပြီးခဲ့တဲ့ အောက်တိုဘာလ တစ်လအတွင်း အရပ်သား ၁၃ ဦး ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရပြီး ၂၈ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသတွင်း သုတေသနအဖွဲ့ဖြစ်တဲ့ FE 5 Thanintharyi ထံကနေ သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာအတွင်း တနင်္သာရီတိုင်းမှာ ရေကြီး မြေပြိုကပ်ဘေးကြောင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ လုပ်ဆောင်နေချိန် အာဏာသိမ်းစစ်တပ် ကျေးရွာတွေကို စစ်ကြောင်းထိုးပြီး အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်တာနဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ကျုးလွန်ခဲ့တာပါ။
အထူးသဖြင့် မြိတ်-ထားဝယ် အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးကို စစ်ကြောင်းထိုးနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ သရက်ချောင်းမြို့နယ်ရှိ စုံစင်ဖျား၊ရငဲနဲ့ပြင်းဖြူကြီးကျေးရွာက အရပ်သားပြည်သူ ၈ ဦးကို ဖမ်းဆီးသတ်ဖြတ်ကာ အလောင်းကို မြေမြှုပ်ခဲ့တယ်လို့ ဆိုပါတယ်။
အောက်တိုဘာ ၃၀ ရက်နေ့ကလည်း သရက်ချောင်းမြို့နယ် ကညှင်ချောင်းနဲ့ မျှော့ချောင်းကျေးရွာကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့တာကြောင့် မိသားစုဝင် လေးဦး သေဆုံးခဲ့တယ်လို့ FE 5 Thanintharyi ရဲ့ အစီရင်ခံစာအရ သိရပါတယ်။
တစ်ဖက်မှာလည်း အမည်မသိ လက်နက်ကိုင်အဖွဲ့ တွေရဲ့ ဖမ်းဆီးသတ်ဖြတ်မှုကြောင့် တနင်္သာရီမြို့နယ် ညောင်ပင်ကွင်းရွာက အသက် ၃၃ နှစ်အရွယ် ကိုရန်နိုင်လင်းထွန်း ပစ်ခတ်သတ်ဖြတ်ခံခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။
ဒါအပြင် အောက်တိုဘာလအတွင်း အာဏာသိမ်းစစ်တပ်က အရပ်သားပြည်သူတွေကို အကြောင်းအမျိုးမျိုးပြပြီး ဖမ်းဆီးမှုကြောင့် အရပ်သား ၂၈ ဦး ထက်မနည်း ဖမ်းဆီးခံခဲ့ရပြီး အဲဒီထဲမာှ ၂ ဦးသာ ပြန်လွတ်ခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလကလည်း တနင်္သာရီတိုင်းမှာ အာဏာသိမ်းစစ်တပ်နဲ့ လက်ဝေခံအဖွဲ့တွေရဲ့ ဖမ်းဆီးသတ်ဖြတ်မှုကြောင့် အရပ်သားပြည်သူ ၁၀ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

