မော်လမြိုင်၊ နိုဝင်ဘာ ၂၆
၂၀၂၅ ခုနှစ်အတွင်း မြန်မာနိုင်ငံဟာ ကမ္ဘာမှာ မြေမြှုပ်မိုင်းနဲ့ စစ်ကျန်ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေကြောင့် ထိခိုက်သေဆုံး အများဆုံး နိုင်ငံအဖြစ် သုံးနှစ်ဆက် မှတ်တမ်းဝင်ခဲ့တယ်လို့ ၂၀၂၆ ခုနှစ် Landmine Monitor အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
Landmine Monitor အစီရင်ခံစာအရ မြန်မာနိုင်ငံဟာ မိုင်းနဲ့ စစ်ကျန်ပေါက်ကွဲပစ္စည်းတွေကြောင့် ထိခိုက်သေဆုံးမှု အများဆုံးနိုင်ငံအဖြစ် သုံးနှစ်ဆက်တိုက် မှတ်တမ်းဝင်ခဲ့ပြီး မိုင်းကြောင့် ကမ္ဘာတဝန်းမှာ ထိခိုက်သေဆုံးမှု အရေအတွက် အများဆုံး နိုင်ငံ ဖြစ်လာခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၅ ခုနှစ်အတွင်း မြေမြှုပ်မိုင်းနဲ့ စစ်ကျန်ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေကြောင့် ထိခိုက်သေဆုံး ဒါမှမဟုတ် ဒဏ်ရာရသူ ၁,၈၉၁ ဦးရှိခဲ့ပြီး ကမ္ဘာ့နိုင်ငံတွေထဲမှာ အများဆုံးဖြစ်ခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ကမ္ဘာတဝန်းမှာ ၂၀၂၅ ခုနှစ်အတွင်း မြေမြှုပ်မိုင်းနဲ့ စစ်ကျန်ပေါက်ကွဲပစ္စည်းတွေကြောင့် ထိခိုက်သူ အနည်းဆုံး ၆၉၂၉ ဦးရှိခဲ့ပြီး အဲဒီအထဲမှာ မြန်မာနိုင်ငံက ထိခိုက်သူအရေအတွက်ဟာ အများဆုံးဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံရှိ မြို့နယ် ၃၃၀ ခုအနက် မြို့နယ် ၂၁၁ ခုမှာ မြေမြှုပ်မိုင်းနဲ့ စစ်ကျန်ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေရဲ့ အန္တရာယ်ရှိနေတယ်လို့ ၂၀၂၆ ခုနှစ် Landmine Monitor အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
၂၀၂၅ ခုနှစ် အောက်တိုဘာလအထိ ရရှိထားတဲ့ အချက်အလက်တွေအရ မြန်မာနိုင်ငံရဲ့ ၆၄ ရာခိုင်နှုန်းနီးပါးရှိတဲ့ မြို့နယ် ၂၁၁ ကို မိုင်းနဲ့ စစ်ကျန်ပေါက်ကွဲပစ္စည်း အန္တရာယ်ရှိတဲ့ နယ်မြေတွေအဖြစ် မှတ်တမ်းတင်ထားပါတယ်။
မိုင်းအန္တရာယ်ရှိတဲ့နယ်မြေတွေ ကျယ်ပြန့်လာတာဟာ ဒေသခံပြည်သူတွေရဲ့ နေ့စဉ်လူမှုဘဝ၊ စားဝတ်နေရေးနဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေအပေါ်ပါ သက်ရောက်မှုရှိနေပြီး လယ်ယာလုပ်ငန်း၊ တောတောင်ထဲ သွားလာမှုနဲ့ အခြားလုပ်ငန်းတွေ လုပ်ကိုင်ရာမှာ အန္တရာယ်ကြီးမားလာစေတယ်လို့ အစီရင်ခံစာက ဖော်ပြပါတယ်။
မြန်မာနိုင်ငံမှာ စစ်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာ၊ လူသတ်မိုင်းအသုံးပြုမှုနဲ့ မိုင်းအန္တရာယ်ရှိတဲ့ နယ်မြေတွေ ကျယ်ပြန့်လာမှုဟာ အရပ်သားပြည်သူတွေအတွက် ကြီးမားတဲ့ အန္တရာယ်တစ်ခုအဖြစ် ဆက်လက်ရှိနေတယ်လို့ အစီရင်ခံစာက ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံရဲ့ မိုင်းအန္တရာယ်အခြေအနေဟာ အကျပ်အတည်းအဆင့်ကို ကျော်လွန်ပြီး ကပ်ဘေးအဆင့် ရောက်ရှိနေပြီလို့ ၂၀၂၆ ခုနှစ် Landmine Monitor အစီရင်ခံစာမှာ သတိပေးထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

