MSRF သတိပေးမှုကြောင့် ရေးစစ်တပ်မှာ လုပ်မယ့် အုပ်ချုပ်ရေးမှူး အစည်းအဝေး ပျက်

ရေး၊ နိုဝင်ဘာ ၂၅

မွန်ပြည်နယ် ရေးမြို့နယ် ခေါဇာမြို့အခြေစိုက် အမှတ် ၃၁ ခြေလျင်တပ်ရင်းမှာ ပြုလုပ်မယ့် အစည်းအဝေးကို အုပ်ချုပ်ရေးမှူးတွေ မတက်ဖို့ မွန်ပြည်တော်လှန်ရေးတပ် MSRF သတိပေးမှုကြောင့် အစည်းအဝေး ပျက်သွားတယ်လို့ စစ်တပ်နဲ့နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒီကနေ့ နိုဝင်ဘာ ၂၅ ရက်နေ့ မနက် ၉ နာရီမှာ ခလရ ၃၁ တပ်ရဲ့ တပ်ရင်းမှူးရုံးခန်းမှာ သတင်းညှိနှိုင်းအစည်းအဝေး တက်ရောက်ကြဖို့ သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို စစ်တပ်ဘက်က ဖိတ်ကြားခဲ့ပါတယ်။

အဲဒီအစည်းအဝေးကို အုပ်ချုပ်ရေးမှူးတွေ မတက်ကြဖို့နဲ့ တက်ရောက်မယ့်သူတွေကို ပြင်းထန်စွာ အရေးယူသွားမယ်လို့ မွန်ပြည်တော်လှန်ရေးတပ် MSRF တပ်မှူးက သူရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ သတိပေးစာ ထုတ်ပြန်ခဲ့ပါတယ်။

မွန်ပြည်တော်လှန်ရေးတပ် MSRF တပ်မှူးရဲ့ သတိပေးမှုကြောင့် ဒီကနေ့ ပြုလုပ်မယ့် အစည်းအဝေးကို အုပ်ချုပ်ရေးမှူး အများစု မတက်ရောက်တာကြောင့် အစည်းအဝေး ပျက်သွားတယ်လို့ ဆိုပါတယ်။

ဒီအစည်းအဝေးဟာ ခလရ ၃၁ တပ်ရင်းနယ်မြေမှာ သတင်းပေါက်ကြားမှုတွေနဲ့ပတ်သက်ပြီး ရင်းဒိန်၊ ရင်းရယ်၊ ကဗျာဝ၊ ကဗျာကြီးအပါအဝင် ခေါဇာမြို့ပေါ်ရပ်ကွက်တွေက အုပ်ချုပ်ရေးမှုးတွေကို သတင်းညှိနှိုင်းပြုလုပ်ဖို့ အစည်းအဝေး ဖိတ်ခေါ်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၀ ရက်နေ့က ရင်းဒိန်နဲကဗျာကြီးရွာကြားမှာ ခေါဇာအခြေစိုက် ခလရ ၃၁ တပ်က တပ်ရေးဗိုလ်ကြီးနဲ့မိသားစုဝင်တွေ စီးနင်းလာတဲ့ ကားကို MSRF တပ်ဖွဲ့ဝင်တွေ တိုက်ခိုက်မှုကြောင့် ကလေးငယ် တစ်ဦးအပါအဝင် ငါးဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.