နေပြည်တော် ၊ နိုဝင်ဘာ ၂၅
စစ်အာဏာသိမ်းမှုရဲ့ အကျိုးဆက်အဖြစ် လက်ရှိ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊စစ်ရေး၊စီးပွားရေး၊လူမှုရေး စတဲ့ အခြေအနေအရပ်ရပ်ဟာ ကျရှုံးနိုင်ငံဆီ ဦးတည်နေတဲ့ လက္ခဏာတွေ ပြသနေတယ်လို့ BNI -Myanmar Peace Monitor ရဲ့ နိုဝင်ဘာ ၂၃ ရက်က ထုတ်ပြန်တဲ့ အပတ်စဉ်သုံးသပ်ချက်မှာ ဖော်ပြပါတယ်။
နိုင်ငံတဝန်း စစ်ရေးပဋိပက္ခ ထူပြောလာခြင်းကြောင့် ကုန်ထုတ်လုပ်မှုနဲ့ ကုန်သွယ်စီးပွားလုပ်ငန်းတွေ ထိခိုက်စေသလို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ထွက်ခွာတာ၊ ပြည်တွင်းကုမ္ပဏီတွေ ခပ်စိပ်စိပ် ဖျက်သိမ်းလာတာ၊ အလုပ်အကိုင်အခွင့်အလမ်း ချို့တဲ့သွားတာ၊ ကုန်ဈေးနှုန်းတွေ မြင့်တက်တာ၊ အိမ်ထောင်စုတွေရဲ့ ဝင်ငွေနဲ့ အသုံးစရိတ် မမျှတတာ စတဲ့အချက်တွေဟာ ကျရှုံးနိုင်ငံကို ဦးတည်တဲ့ အစိတ်အပိုင်းတွေလို့ ဆိုပါတယ်။
အမေရိကန်အခြေစိုက် The Fund for Peace – FFP က နောက်ဆုံးထုတ်ပြန်ထားတဲ့ ကျရှုံးနိုင်ငံဖြစ်လွယ်တဲ့ ညွှန်းကိန်းတွေအရ လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေဟာ ကမ္ဘာ့အဆင့် ၁၁ မှာ ရှိနေပြီး အလွန်မြင့်မားတဲ့ ထိခိုက်လွယ်အုပ်စုအတွင်း ရောက်ရှိနေတာပါ။
အထူးသဖြင့် စစ်တပ်က ပြည်သူတွေအပေါ် အကြမ်းဖက်တာ ဖမ်းဆီးနှိပ်စက်တာ အပြစ်ပေးအရေးယူတာ လူ့အခွင့်အရေးချိုးဖောက်တာ လေကြောင်းတိုက်ခိုက်တာ ပြည်သူပိုင်နေအိမ်နဲ့ အခြေခံအဆောက်အအုံတွေ မီးရှို့ဖျက်ဆီးတာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ နိုင်ငံသားအခွင့်အရေးတွေ ပိတ်ပင်တာတွေဟာ ဒီကနေ့အထိ ဖြစ်ပါတယ်။
ဒါ့အပြင် နိုင်ငံရေးအာဏာကို ထိန်းချုပ်ထားနိုင်မှုနဲ့ ပြည်သူလူထုရဲ့ ယုံကြည်လက်ခံမှုဟာ ထပ်တူမကျဖြစ်နေပြီး သဘောထားကွဲလွဲမှုတွေ မကျေနပ်မှုတွေဟာ ပိုမိုမြင့်တက်လာတာ တွေ့ရတယ်လို့ BNI – Myanmar Peace Monitor က ဆိုပါတယ်။
လေ့လာသူတွေကတော့ စစ်အာဏာသိမ်းမှုအကျိုးဆက်တွေကြောင့် ဖြစ်ပေါ်နေတဲ့ အခြေအနေအရပ်ရပ်ဟာ တိုးတက်ကောင်းမွန်လာတာမရှိဘဲ ဆိုးရွားမှုတွေသာ မြင့်တက်လာတဲ့အတွက် ကျရှုံးနိုင်ငံအဆင့်ကို ကျော်လွန်သွားပြီလို့ ကောက်ချက်ချကြပါတယ်။
မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း ပရိုဂရမ် ဒါရိုက်တာ နိုင်အဲမွန်က မြေပြင်မှာ ထမင်းနပ်မှန်ဖို့ မနည်းဖြတ်သန်းနေရတဲ့ အိမ်ထောင်စုတွေ ရှိလာတာတွေ့ရလို့ အနာဂတ်တွေ ပျောက်နေကြတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ကျွန်တော်တို့ မြေပြင်မှာ ဒီထက်ဆိုးတာ တွေ့ရတယ်။ ဒီနေ့ တစ်နပ်စားလိုက်တဲ့ ထမင်း နောက်တစ်နပ်ဆိုတဲ့ အခြေအနေကို မစဉ်းစားနိုင်အောင် ဖြစ်နေတဲ့ အခြေအနေတွေနဲ့ ဖြတ်သန်းနေရတဲ့ အိမ်ထောင်စုတွေ ရှိတယ်။ နောက်တစ်နပ်အတွက် နောက်မှ စဉ်းစားကြတာပေါ့ဆိုတဲ့ အခြေအနေဆိုးကို ဖြတ်သန်းနေရတဲ့ ကိစ္စရှိတယ်။ ဆိုတော့ ပစ္စုပ္ပန်မှာပဲ တည့်တည့်နေနေတဲ့ သူတွေရှိလာတဲ့အခါကျတော့ အင်မတန်မှ အနာဂတ်တွေ ပျောက်ကုန်ကြတာ တွေ့ရတယ်”လို့ ဆိုပါတယ်။
BNI – Myanmar Peace Monitor ရဲ့ မှတ်တမ်းတွေအရ အာဏာသိမ်းမှုအတွင်း နိုင်ငံရေးမတည်ငြိမ်မှုနဲ့ စစ်ရေးပဋိပက္ခတွေကြောင့် မြန်မာနိုင်ငံကနေ ထွက်ခွာသွားတဲ့ ကုမ္ပဏီတွေနဲ့ ထွက်ခွာဖို့ ကြိုးပမ်းနေကြတဲ့ ကုမ္ပဏီလုပ်ငန်းပေါင်း ၄၀ နီးပါး ရှိခဲ့ပါပြီ။
အဲဒီကုမ္ပဏီလုပ်ငန်းတွေဟာ ဗြိတိန်၊ စပိန်၊ ဂျာမနီ၊ ဩစတေးလျ၊ အမေရိကန်၊ အီတလီ၊ နော်ဝေး စတဲ့ အနောက်နိုင်ငံတွေ ပါဝင်သလို ထိုင်း၊မလေးရှား၊အိန္ဒိယ စတဲ့ အိမ်နီးချင်းနိုင်ငံတွေအပါအဝင် နိုင်ငံပေါင်း ၁၆ ခုက ကုန်အမှတ်တံဆိပ်တွေ ဖြစ်ကြပါတယ်။
ထွက်ခွာသွားတဲ့ လုပ်ငန်းတွေထဲမှာ ကမ်းလွန်ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းတွေ၊ စွမ်းအင်နဲ့ လျှပ်စစ်ဓာတ်အားပေးလုပ်ငန်း၊ သတ္တုတွင်း၊ ဘဏ်၊ ကား၊ ဘိလပ်မြေ စတဲ့ လုပ်ငန်းတွေအပြင် အဆင့်မြင့်အိမ်ရာ၊ ဆက်သွယ်ရေး၊ နည်းပညာတွေ၊ အသေးစားငွေကြေးဝန်ဆောင်မှု၊ အဝတ်အထည်၊ အလှကုန်၊ အိမ်သုံးပစ္စည်းနဲ့ စားသောက်ကုန်လုပ်ငန်းတွေ ပါဝင်နေတာပါ။
အထူးသဖြင့် Uniqlo ၊ H&M စတဲ့ ကမ္ဘာကျော် အထည်အမှတ်တံဆိပ် ၁၂ ခုကနေ လက်ခစားအပ်ထည်တွေ မြန်မာ့အထည်ချုပ်လုပ်ငန်းကို ကျောခိုင်းသွားတာဟာ အထည်ချုပ်စက်ရုံက အလုပ်သမားတွေအပေါ် ရိုက်ခတ်စေခဲ့ပါတယ်။
နိုင်ငံခြားကုမ္ပဏီလုပ်ငန်းတွေ ပြည်တွင်းကနေ ရပ်ဆိုင်းထွက်ခွာသွားတာဟာ နိုင်ငံ့ဖွံ့ဖြိုးတိုးတက်မှုနဲ့ ပြည်သူလူထုရဲ့ အလုပ်အကိုင်ရရှိမှုအပေါ် တိုက်ရိုက်အကျိုးသက်ရောက်နေသလိုမျိုး စစ်အုပ်စုအတွက် နိုင်ငံခြားဝင်ငွေ ရရှိမှုကိုလည်း တစ်စိတ်တစ်ပိုင်း ထိခိုက်စေခဲ့ပြီး အကျပ်ရိုက်စေခဲ့တယ်လို့ ဆိုပါတယ်။
တော်လှန်ရေးအင်အားစုတွေရဲ့ စစ်ရေး၊နိုင်ငံရေးနဲ့ နိုင်ငံတကာရဲ့ ဘက်ပေါင်းစုံ ဖိအားပေးမှုတွေကြား ယိုင်နဲ့လာတဲ့ စစ်အုပ်စုဟာ ပြည်တွင်းစီးပွားရေးအညွှန်းကိန်းတွေ ကျဆင်းလာတာကိုလည်း ဖုံးကွယ်ဖို့ ခက်ခဲလာခဲ့တယ်လို့ BNI – Myanmar Peace Monitor က ထောက်ပြပါတယ်။
ကြက်ဥတစ်လုံး ၇၀၀ ကျပ်၊ ကန်စွန်းရွက်တစ်စီး ၁၀၀၀ ကျပ် စတဲ့ ပြည်သူလူထုရဲ့ အခြေခံကုန်ဈေးနှုန်းတွေ အဆမတန်မြင့်တက်နေတာကို စိတ်ပူခြင်းမရှိဘဲ စစ်အသုံးစရိတ်ကို ထပ်မံတောင်းခံပြီး ၂၀၂၆-၂၀၂၇ ဘဏ္ဍရေးနှစ်အတွက် ကျပ်ဘီလီယံ တစ်သောင်းကျော်အထိ တိုးမြှင့်ခဲ့တာပါ။
ဒါဟာ နိုင်ငံတဝန်းက တော်လှန်ရေးအင်အားစုတွေရဲ့ စစ်ရေးဖိအားကို လေကြောင်းတိုက်ခိုက်မှုတွေနဲ့သာ အားပြုရင်ဆိုင်နေရတဲ့ စစ်အုပ်စုရဲ့ အကျပ်အတည်းဟာ ဖုံးမနိုင် ဖိမရတဲ့ အခြေအနေကို ရောက်ရှိနေတာကြောင့် ဗဟိုဘဏ်ကနေတဆင့် ငွေစက္ကူတွေ အထပ်ထပ် ရိုက်နှိပ်တာ ဖြစ်ပါတယ်။
အကျိုးဆက်အဖြစ် မြန်မာ့ငွေကြေးတန်ဖိုး ကျဆင်းသွားတာကြောင့် ပြည်သူလူထုအတွက် စစ်တပ်ရဲ့ အတင်းအဓမ္မ စစ်မှုထမ်းအပါအဝင် အထွေထွေကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်ကိုပါ တစ်နေ့ထက်တစ်နေ့ ပိုမိုရင်ဆိုင်ကြုံတွေ့နေရတာပါ။
ဒါ့အပြင် စစ်အုပ်စုထိန်းချုပ်နိုင်စွမ်းမရှိတဲ့ နယ်မြေဒေသတွေအတွင်း နေ့စဉ်ရက်ဆက် လေကြောင်းကနေတဆင့် ဗုံးကြဲတိုက်ခိုက်မှုဒဏ်ကိုလည်း ပြည်သူတွေ စိုးရိမ်ထိတ်လန့်စွာ စောင့်ကြည့်နေရတယ်လို့ BNI – Myanmar Peace Monitor က ဖော်ပြပါတယ်။
တစ်ဘက်မှာ အပြည်ပြည်ဆိုင်ရာတရားရုံး ICJ ကနေ မြန်မာနိုင်ငံကို ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေးနဲ့ အပြစ်ပေးရေးဆိုင်ရာ သဘောတူစာချုပ် ချိုးဖောက်ခဲ့တာကြောင့် တာဝန်ရှိတယ်လို့ နိုဝင်ဘာ ၁၉ ရက်မှာ အပြီးသတ်စီရင်ချက် ချမှတ်ထားတာပါ။
ဒါဟာ တာဝန်ခံမှုနဲ့ တရားမျှတမှုတွေဆီ တွန်းပို့တဲ့ ရည်ရွယ်ချက်ကောင်းတွေ ရှိသလို နိုင်ငံဟာ ဆိုးရွားစွာ ရင်ဆိုင်ဖြတ်သန်းရဦးမယ့် အခြေအနေရှိတယ်လို့ နိုင်အဲမွန်က သုံးသပ်ပါတယ်။
“အရပ်သားတွေအပေါ်မှာ တိုက်ခိုက်မှုတွေ ရပ်ဖို့ လိုအပ်တဲ့ အကူအညီတွေ ဘေးကင်းစွာ ရောက်ဖို့ ရိုဟင်ဂျာတွေအပါအဝင် တခြား ထိခိုက်နစ်နာသူတွေအတွက် တာဝန်ခံမှုနဲ့ တရားမျှတမှုတွေဆီကို တွန်းပို့ဖို့ ICJ ရဲ့ ဆုံးဖြတ်ချက်ကလည်း ရည်ရွယ်ချက်ကောင်းတွေတော့ ရှိပါတယ်။ ဆိုတော့ ဒီအတွက် သူတို့ လုပ်နေတာ အမှန်မှာ ဘယ်လိုပဲ ဖြစ်ဖြစ် Failed State အဆင့်ထက်တော့ ကျော်ပြီ၊ နိုင်ငံရေးက တကယ့်ကို ကမ်းမမြင် လမ်းမြင် ပင်လယ်ကြီးထဲမှာ လက်ပစ်ကူးနေရတဲ့ အနေအထားတော့ ရောက်ပြီ။ ဆိုတဲ့အခါကျတော့ တော်တော်ဆိုးဆိုးရွားရွား ကျွန်တော်တို့ ရင်ဆိုင်ဖြတ်သန်းရဦးမယ့် အခြေအနေတော့ ရှိတယ်လို့ ပြောချင်ပါတယ်”လို့ ဆိုပါတယ်။
မွန်ပြည်နယ်မှာတော့ အခုလအတွင်း နေရပ်စွန့်ခွာသူ အရေအတွက်ဟာ နှစ်သောင်းကျော်လာပြီး သက်ကြီးရွယ်အိုတွေ ကလေးသူငယ်တွေနဲ့ အမျိုးသမီးတွေအပါအဝင် အခြားအလုပ်အကိုင်ရင်းမြစ်မရှိတဲ့ အသိုင်းအဝိုင်းတွေကို နစ်နာစေတယ်လို့ သူက ဆက်ပြောပါတယ်။
ဒါ့အပြင် စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ အတင်းအကျပ် စစ်သားစုဆောင်းတာတွေ လူသားချင်းစာနာမှုအကူအညီတွေ ကန့်သတ်တာတွေဟာ လက်ရှိ အခြေအနေဆိုးကြီးကို ပိုမိုဆိုးရွားစေသလို စစ်ဆင်ရေးတွေကနေဆင့် တွန်းပို့နေတာလို့ ထောက်ပြပါတယ်။
BNI – Myanmar Peace Monitor ကတော့ နိုင်ငံတည်ငြိမ်ရေးနဲ့ အာဏာပြန်လည်တည့်မတ်ရေးကို စစ်အုပ်စု အပါအဝင် သက်ဆိုင်သူအားလုံးက ကြိုးပမ်းဖို့ လိုအပ်ပြီး နိုင်ငံရေးအာဏာခွဲဝေမှု တိုင်းရင်းသားတန်းတူရေး လူ့အခွင့်အရေး ပြည်သူ့ဝန်ဆောင်မှုတွေ ပြန်လည်တည်ဆောက်ရေးကိုပါ တစ်ပြိုင်တည်း ထည့်သွင်းစဉ်းစားဖို့ အကြုံပြုထားပါယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ- Simsa Kasa Multimedia

