ရေးမြို့နယ်မှာ ခြံလုပ်ငန်းလုပ်ကိုင်ဖို့ ခြံသွားကတ်ပြား ပြုလုပ်နေရ

ရေး၊ နိုဝင်ဘာ ၂၄

မွန်ပြည်နယ် ရေးမြို့နယ်မှာ ဥယျာဉ်ခြံနဲ့ရော်ဘာခြံ လုပ်ငန်းတွေ လုပ်ကိုင်ဖို့ ထောက်ခံချက် ခြံသွားကတ်ပြားတွေကို အလုပ်သမားတွေအပါအဝင် ခြံရှင်တွေကအစ ပြုလုပ်နေရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ဒုတိယအပတ်ကစလို့ ဥယျာဉ်ခြံနဲ့ရော်ဘာခြံလုပ်ငန်းတွေ လုပ်ကိုင်ကြမယ့် ခြံရှင်တွေနဲ့ အလုပ်သမားတွေကို ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးတွေက ခြံသွားကတ်ပြား လာရောက်ယူ ပြုလုပ်ကြဖို့ ညွှန်ကြားလာတာပါ။

ခြံသွားကတ်ပြား လာရောက်မပြုလုပ်သူတွေဟာ စစ်ကြောင်းနဲ့တိုးရင် တာဝန်မယူဘူးဆိုတဲ့ အုပ်ချုပ်ရေးမှူးတွေရဲ့ အမိန့်ကြောင့် ခြံလုပ်သားအားလုံးနီးပါး ထောက်ခံချက် ကတ်ပြားတွေ သွားရောက်ပြုလုပ်နေရပါတယ်။

ခြံသွားကတ်ပြား ပြုလုပ်ရာမှာတော့ ခြံလုပ်သားတွေရဲ့ ဓာတ်ပုံတစ်ပုံအပါအဝင် ကိုယ်ရေးအချက်အလက် အပြည့်အစုံ၊ ခြံတည်နေရာနဲ့ နေရပ်လိပ်စာကအစ အုပ်ချုပ်ရေးမှူးထံ ပေးပို့ရပါတယ်။

ခြံသွားကတ်ပြားတွေကိုတော့ ခြံသွားတိုင် အမြဲဆောင်သွားဖို့နဲ့ တခြားသူတွေထံ လွှဲပြောင်းတာ မလုပ်ဖို့၊ စစ်ကြောင်းနဲ့တိုးရင် စစ်ဆေးခံဖို့ အုပ်ချုပ်ရေးမှူးတွေက ပြောဆိုလိုက်တယ်လို့ ဆိုပါတယ်။

ခြံသွားကတ်ပြားတွေကိုတော့ ရေးတပ်နယ်မှူးရဲ့ ညွန်ကြားချက်နဲ့ လုပ်ခိုင်းတာလို့သိရပြီး စစ်တပ်ဘက်က တော်လှန်ရေးအဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ကျေးရွာတွေကို အင်အား ထောင်ချီနဲ့ ထိုးစစ်ဆင်မယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

ရေးဒေသ ဒေသခံအများစု ပိုင်ဆိုင်တဲ့ ဥယျာဉ်ခြံ၊ ရော်ဘာခြံရှိတဲ့ နေရာတွေကို တော်လှန်ရေးအဖွဲ့တွေက ထိန်းချုပ်ထားတာကြောင့် ခြံသမားတွေဟာ နှစ်ဖက်ကြားညှပ်နေပြီး အလုပ်အကိုင် အဆင်မပြေဖြစ်ကြတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.