လန်ဒန်၊ နိုဝင်ဘာ ၂၄
ရိုဟင်ဂျာ လူနည်းစုအပေါ် မြန်မာက လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း နိုင်ငံတကာ တရားရုံး (ICJ) က ဆုံးဖြတ်လိုက်ပြီးနောက် မြန်မာ စစ်တပ် အကြီးတန်း ခေါင်းဆောင် ၅ ယောက်ကို ဗြိတိန်က ဒဏ်ခတ် ပိတ်ဆို့မှုတွေ ပြုလုပ်လိုက်ပါတယ်။
Independent က ဖော်ပြထားတဲ့ သတင်းမှာတော့ အာဏာသိမ်း သမ္မတ မင်းအောင်လှိုင်နဲ့ တခြား စစ်တပ် ထိပ်တန်း အရာရှိ ၄ ယောက်ကို ဗြိတိန်က ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြုလုပ်ခဲ့တာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဒါက လူမျိုးတုံး သတ်ဖြတ်မှုအတွက် နိုင်ငံတစ်နိုင်ငံမှာ အပြစ်ရှိကြောင်း ပထမဆုံးအကြိမ် ဆုံးဖြတ်ချက် ဖြစ်ပါတယ်။
၂၀၁၇ ခုနှစ်မှာ စစ်တပ်ရဲ့ နှိမ်နှင်းမှုအတွင်း ရိုဟင်ဂျာ ထောင်ပေါင်းများစွာ သတ်ဖြတ်ခံခဲ့ရပြီး ၇ သိန်းကျော်ဟာ အိမ်နီးချင်း ဘင်္ဂလားဒေ့ချ်နိုင်ငံသို့ ထွက်ပြေးသွားခဲ့ရပါတယ်။
ICJ ဆုံးဖြတ်ချက်ကို သြစတြေးလျ၊ ဘယ်လ်ဂျီယံ၊ ပေါ်တူဂီ၊ စပိန်နဲ့ ကနေဒါ အပါအဝင် တခြားနိုင်ငံတွေနဲ့အတူ ဗြိတိန်က အသိအမှတ်ပြုခဲ့ပါတယ်။
လူမျိုးတုံး သတ်ဖြတ်မှုလို အကြီးအကျယ် ထိတ်လန့်စရာကောင်းတဲ့ ရာဇဝတ်မှု တစ်ခုကို မိမိတို့ရဲ့ တုံ့ပြန်မှုဟာ မိမိတို့ရဲ့ တန်ဖိုးထားမှုတွေကို ထင်ဟပ်စေရမှာ ဖြစ်သလို ရှင်းလင်းတဲ့ အရေးယူမှုနဲ့ ကိုက်ညီရမယ်လို့ နိုင်ငံခြားရေးဝန်ကြီး အက် မီလီဘန်းက ပြောပါတယ်။
အကြီးတန်း စစ်ဖက်ဆိုင်ရာ ခေါင်းဆောင်တွေ ဖြစ်တဲ့ မျိုးထွဋ်လှိုင်၊ မျိုးမင်းထွန်း၊ မြတ်သက်ဦး၊ ကျော်စွာနဲ့ ကျော်စွာဦးတို့ကို ဗြိတိန်က ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြုလုပ်ခဲ့တာ ဖြစ်တယ်လို့ BBC သတင်းမှာ ဖော်ပြပါတယ်။
၂၀၂၁ ခုနှစ်အတွင်း ဗြိတိန်က ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြုလုပ်ခဲ့တဲ့ သမ္မတ မင်းအောင်လှိုင်ဟာ ၂၀၁၇ လူမျိုးတုံး သတ်ဖြတ်မှု ဖြစ်ပွားချိန်က စစ်ခေါင်းဆောင် အဖြစ် တာဝန်ယူထားတာ ဖြစ်တာကြောင့် ရက်စက်မှုတွေ အများကြီးအတွက် တိုက်ရိုက် တာဝန်ရှိသူ ဖြစ်တယ်လို့ မီလီဘန်းက ဖြည့်စွက် ပြောဆိုပါတယ်။
မြန်မာအနေနဲ့ လက်ရှိ ဖြစ်ပွားနေတဲ့ ဥပဒေချိုးဖောက်မှုတွေကို ရပ်တန့်ရမှာ ဖြစ်ပြီး စုံစမ်းစစ်ဆေးတာ၊ ရုံးတင် စစ်ဆေးအပြစ်ပေးတာတွေ လုပ်ရမယ့်အပြင် နောက်ထပ် အလားတူ မဖြစ်ပွားစေရေး ကြိုတင် ကာကွယ်ရမယ်လို့ သူက ပြောပါတယ်။
လူသားချင်းစာနာထောက်ထားရေး အကူအညီတွေ ပေးပို့နိုင်ရေး ရန်လို တိုက်ခိုက်မှုတွေကို ချက်ချင်း ရပ်တန့်ရေး၊ အရပ်သားတွေအပေါ် လေကြောင်းတိုက်ခိုက်မှုတွေ ရပ်တန့်ရေး၊ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးရေးအပြင် အားလုံး ပါဝင်တဲ့ နိုင်ငံရေး ဖြေရှင်းချက် တစ်ရပ် ရရှိရေး ဆွေးနွေးမှုတွေ ပြုလုပ်ဖို့လည်း မီလီဘန်းက တိုက်တွန်းပါတယ်။
မြန်မာနိုင်ငံသို့ လေယာဉ်ဆီ ထောက်ပံ့မှု ရပ်တန့်ရေး ဥပဒေအသစ် တစ်ရပ်ကို ပြဌာန်းသွားမှာ ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးက အတည်ပြုထားပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း မီလီဘန်းက မြန်မာ စစ်သံမှူးကို နှင်ထုတ်ခဲ့ပြီး ကောင်စစ်ဝန် အရာရှိကို ဆင့်ခေါ်ခဲ့ပါတယ်။
ဗြိတိန်အနေနဲ့ အဲဒီကိစ္စကို အခုသီတင်းပတ်အတွင်း ကုလသမဂ္ဂ လုံခြုံရေး ကောင်စီထံ တင်ပြသွားမှာ ဖြစ်ပြီး နှစ်ပတ်အတွင်း အစည်းအဝေး တစ်ရပ် ကျင်းပသွားမှာ ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး မီလီဘန်းက ပြောဆိုထားတာပါ။
ICJ ဆုံးဖြတ်ချက်ကို လေးစားကြောင်း ဒါမှမဟုတ် အသိအမှတ်ပြုကြောင်း မလေးရှား အပါအဝင် တခြား နိုင်ငံတွေကလည်း ကြေညာထားပါတယ်။
ICJ က ၉ မဲ-၆ မဲနဲ့ မြန်မာ လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်ကြောင်း ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
တရားရုံး တစ်ရုံးက စီရင်ချက်ချနိုင်ပေမယ့် စီရင်ချက် အကောင်အထည် ဖော်ရေးက အင်အားကြီးနိုင်ငံတွေရဲ့ အရေးယူလိုတဲ့ ဆန္ဒအပေါ် အများကြီး မူတည်နေပါတယ်။
စစ်ခေါင်းဆောင်တွေကတော့ နိုင်ငံတကာ တရားရုံးရဲ့ ဆုံးဖြတ်ချက် တရားမျှတမှု မရှိဘူးလို့ ပြောပြီး ပယ်ချထားပေမယ့် စစ်ခေါင်းဆောင်တွေအပေါ် တခြား နိုင်ငံတွေကလည်း ဒဏ်ခတ် ပိတ်ဆို့မှုတွေ ပြုလုပ်လာနိုင်ပါတယ်။
စစ်တပ်ရဲ့ နယ်မြေ ရှင်းလင်းမှုဆိုတဲ့ ခေါင်းစဉ်နဲ့ ပြုလုပ်ခဲ့တဲ့ နှိမ်နှင်းမှုအတွင်း ရွာတွေ ရွာလုံးကျွတ် မီးရှို့ခံခဲ့ရပြီး ရိုဟင်ဂျာ အမျိုးသမီးငယ်တွေ မုဒိမ်းကျင့်ခံခဲ့ရတယ်လို့ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ အခုအချိန်အထိ လေကြောင်း တိုက်ခိုက်မှုတွေ ဆက်ရှိနေတုန်းပဲလို့ ဗြိတိန် လွှတ်တော်အမတ်တွေက ပြောပါတယ်။
Ref:BBC

