ထားဝယ်အထူးစီးပွားရေးဇုန်မှာ အာဏာသိမ်းစစ်တပ် တိုက်ခိုက်ခံရပြီး တိုက်ပွဲပြင်းထန်နေ

ရေဖြူ၊ နိုဝင်ဘာ ၂၄

တနင်္သာရီတိုင်း ရေဖြူမြို့နယ် ထားဝယ်အထူးစီးပွားရေးဇုန်အတွင်းက မုဒူးအရှေ့ကျေးရွာအစွန်ရှိ ဘုန်းကြီးကျောင်းမှာအထိုင်ချနေတဲ့ အာဏာသိမ်းစစ်တပ် တိုက်ခိုက်ခံရပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသအခြေစိုက် PDF တပ်ဖွဲ့ဝင်တွေထံကနေ သိရပါတယ်။

နိုဝင်ဘာ ၂၃ ရက်နေ့ မနက် ၉ နာရီခန့်မှာ ကျေးရွာဘုန်းကြီးကျောင်းမှာ အထိုင်ချထားတဲ့ စစ်တပ်အဖွဲ့ကို PDF ပူးပေါင်းတပ်တွေဘက်က လာရောက်ပစ်ခတ်ရာမှ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ဆိုပါတယ်။

တပ်စွဲထားတာ အချိန်ကြာခဲံပြီး အင်အားများတဲ့ စစ်တပ်အထိုင်ချနေရာတွေကို အင်အားနဲ့ သွားရောက်တိုက်ခိုက်ခဲ့ကြတာဖြစ်ကြောင်းနဲ့ တိုက်ပွဲက အခုအထိ ဆက်ဖြစ်နေသေးကြောင်း ဒေသအခြေစိုက် PDF တပ်ဖွဲ့ဝင်တစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်တပ် အဖွဲ့ဝင်တွေကို အလစ်အငိုက် ဖမ်းကာ တိုက်ခိုက်ခဲ့တာကြောင့် စစ်တပ်ဘက်က ၅ ဦးထက် မနည်းထိခိုက်သေဆုံးသူ ရှိနိုင်ပြီး အသေးစိတ်ကို ထုတ်ပြန်ပေးသွားမယ်လို့ ဆိုပါတယ်။

တိုက်ပွဲကြောင့် မုဒူးအရှေ၊ မုဒူးအနောက် ကျေးရွာနေပြည်သူတွေ ရွာလုံးကျွတ်ထွက်ပြေး တိမ်းရှောင်နေကြရပါတယ်။

မူးဒူးကျေးရွာ ဘုန်းတော်ကြီးကျောင်းမှာ ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းအတွက် စစ်တပ် အင်အား ၇၀၀ နီးပါး တပ်စွဲထားတာဟာ နှစ်လခန့်ရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.