ရေး၊ နိုဝင်ဘာ ၂၃
မွန်ပြည်နယ် ရေးမြို့နယ် ခေါဇာနဲ့ပေါက်ပင်ကွင်းရွာဘက်ကို အာဏာသိမ်း စစ်တပ်က စစ်ကြောင်းထိုးနေပြီး ရော်ဘာခြံလုပ်သားတွေအပါအဝင် အမျိုးသား ၈ ဦး အဖမ်းခံရတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။
နိုဝင်ဘာလ၂၂ ရက်နေ့ နေ့လယ်ပိုင်းမှာ ရေးမြို့ဘက်ကနေ အင်အား ၁၀၀ ကျော်ပါ စစ်ကြောင်းဟာ ခေါဇာဘက်ကို ရော်ဘာခြံလမ်းတွေအတိုင်း စစ်ကြောင်းထိုးလာပြီး လမ်းမှာတွေ့တဲ့ အမျိုးသား ၈ ဦးကိူ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။
နယ်မြေကျွမ်းကျင်ပုံမရတဲ့ စစ်ကြောင်းက တောလမ်းကနေ ဝင်လာပြီး တွေ့တဲ့သူတွေ ဖမ်းသွားတာဖြစ်ကြောင်း၊ ၃ ဦး ပြန်လွှတ်လာပြီဖြစ်ပြီး ခလရ ၃၁ က ဗိုလ်မိသားစု ပစ်သတ်ခံရမှုကြောင့် နယ်မြေရှင်းတဲ့ သဘောဖြစ်ပုံရကြောင်း ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်ကြောင်းကနေ ဖမ်းဆီးခံရသူတွေဟာ ခေါဇာ၊ ကျောက်အိုင်က ရွာခံတွေပါသလို ရွေ့ပြောင်း ရော်ဘာခြစ်အလုပ်သမားတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။
ဖမ်းဆီးခံရသူတွေထဲက ခေါဇာမြို့ခံ ၃ ဦးကတော့ နိုဝင်ဘာ ၂၃ ရက်နေ့မှာ နေအိမ်ပြန်ရောက်လာပြီး ကျန်သူတွေကတော့ စစ်ကြောင်းထဲမှာ ခေါ်ထားဆဲလို့ ဆိုပါတယ်။
စစ်ကြောင်းဟာ ကဗျာကြီးနဲ့ခေါဇာကြားထဲက ရော်ဘာခြံတွေမှာရှိနေသေးပြီး စစ်ကြောင်း ဆက်လက်လှုပ်ရှားနေသေးတာကြောင့် ခြံသမားတွေ ခြံထဲ မသွားရဲဖြစ်နေပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၀ ရက်နေ့ ညနေက ရင်းဒိန်နဲ့ ကဗျာကြီးရွာကြားမှာ ခေါဇာအခြေစိုက် ခလရ ၃၁ တပ်က တပ်ရေးဗိုလ်ကြီးနဲ့မိသားစုဝင်တွေ ပြန်လာတဲ့ကားကို မွန်ပြည် တော်လှန်ရေးတပ် MSRF အဖွဲ့ဝင်တွေက ပစ်ခတ်လို့ ကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်

