ဖလူးဒေသက စစ်ရေးပဋိပက္ခတွေမှာ ပါဝင်ပတ်သက်ခြင်းမလုပ်ဖို့ တပ်ဖွဲ့ဝင်တွေကို DKBA ထပ်မံ အမိန့်ပေး

မြဝတီ နိုဝင်ဘာ ၂၃

ကရင်ပြည်နယ် မြ၀တီမြို့နယ် ဖလူးဒေသမှာဖြစ်ပေါ်နေသော စစ်ရေးပဋိပက္ခတွေမှာ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKBA အဖွဲ့အစည်းက တပ်ဖွဲ့ဝင်တွေအားလုံး ပါဝင်ပတ်သက်မှုရှိပါက ပြင်းပြင်းထန်ထန် အပြစ်ပေးအရေးယူသွားမယ်လို့ DKBA ဗဟိုအလုပ်အမှုဆောင်ကော်မတီ CEC က အမိန့်ထုတ်ပြန်လိုက်ပါတယ်။

နိုဝင်ဘာ ၂၀ ရက်နေ့ အမိန့်ကြေညာချက်အမှတ် (၇/၂၀၂၆) နဲ့ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKBA ဗဟိုအလုပ်အမှုဆောင်ကော်မတီ CEC က နိုဝင်ဘာ ၂၁ ရက်နေ့မှာ လူမှုကွန်ရက်စာမျက်နှာပေါ်ကနေ အမိန့်ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

DKBA အဖွဲ့အစည်းက တပ်ဖွဲ့ဝင်တွေအားလုံး ဖလူးဒေသမှာဖြစ်ပေါ်နေသော စစ်ရေးပဋိပက္ခတွေမှာ (လုံး၀) ပါဝင်ပတ်သက်မှုမရှိဖို့နဲ့ ခိုင်လုံသောမြေပြင်အချက်အလက် သက်သေအထောက်အထားမှတ်တမ်းဓါတ်ပုံတွေနဲ့ တကွ တွေ့ရှိပါက ပြင်းပြင်းထန်ထန် အပြစ်ပေးအရေးယူဆောင်ရွက်သွားမည့်အပြင် တပ်ဖွဲ့ဝင်အဖြစ်မှ အပြီးအပိုင်ထုတ်ပယ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်သော အမိန့်ကြေညာချက်အမှတ် (၂/၂၀၂၆) ကို ယခုအမိန့်ကြေညာချက်အမှတ် (၇/၂၀၂၆)နဲ့ လွှမ်းမိုးပယ်ဖျက်လိုက်တယ်လို့ DKBA က ဆိုထားပါတယ်။

၂၀၂၆ ခုနှစ် ဇူလိုင် ၂၉ ရက်နေ့ ရက်စွဲနဲ့ DKBA ဗဟို CEC က ထုတ်ပြန်ထားတဲ့ အမိန့်ကြေညာချက်အမှတ် (၂/၂၀၂၆) ထဲမှာ ဖလူးဒေသမှာဖြစ်ပေါ်နေသော စစ်ရေးပဋိပက္ခတွေမှာ မိမိတို့ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKBA တပ်ဖွဲ့ဝင် မည်သူတစ်ဦးတစ်ယောက်ကမှ ပါဝင်ပတ်သက်မှု မရှိဖို့နဲ့ ပါဝင်ပတ်သက်ပါက ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပါရှိတာပါ။

ကရင်ပြည်နယ် မြ၀တီမြို့တောင်ဘက် ဖလူးဒေသအပါအဝင် မင်းလက်ပံ၊ သဲဖြူချောင်းဒေသတို့မှာ အာဏာသိမ်း စစ်တပ်တပ်ဖွဲ့နဲ့ KNLA တပ်မဟာ ၆ ဦးဆောင်တဲ့ တော်လှန်ရေးအင်အားစုတို့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး စစ်ကော်မရှင်တပ်က အဲဒီနယ်မြေတွေကို ပြန်လည်ရယူနိုင်ရေး အပြင်းအထန် ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.