AI နည်းပညာသုံးပြီး စာမေးပွဲ ခိုးချတဲ့ အရှုပ်တော်ပုံကြောင့် တောင်ကိုရီးယား ပညာရေးဝန်ကြီး နုတ်ထွက်

ဆိုးလ်၊ နိုဝင်ဘာ ၂၃

တစ်နိုင်ငံလုံးကို ထိတ်လန့် စေခဲ့တဲ့ စာမေးပွဲ ခိုးချမှု အရှုပ်တော်ပုံနဲ့ ပတ်သက်လို့ တောင်ကိုရီးယား ပညာရေးဝန်ကြီး ချွဲ ကျိုဂျင် ရာထူးကနေ နုတ်ထွက်လိုက်ပါတယ်။

နိုဝင်ဘာ ၁၉ ရက်က ကျင်းပခဲ့တဲ့ ဆူနီအင်လို့ ခေါ်တဲ့ နှစ်စဉ် ကောလိပ် ဝင်ခွင့် စာမေးပွဲအတွင်း AI နည်းပညာသုံးပြီး စာမေးပွဲ ခိုးချတာတွေကို တားဆီးဖို့ ရည်ရွယ်တဲ့ နောက်ဆုံးမိနစ် အစီအစဉ်တွေကြောင့် ဖြစ်ပေါ်လာခဲ့တဲ့ ရှုပ်ထွေးမှု အတွက် သူ အပြည့်အဝ တာဝန်ယူကြောင်း ပညာရေးဝန်ကြီးက ပြောပါတယ်။

အမျိုးသား အကောက်အခွန် စာရင်းကိုင်ပညာ စာမေးပွဲမှာ အမှတ် အများဆုံးရတဲ့ ကျောင်းသားက ကင်မရာ အသေးစား တစ်ခု၊ မိုဘိုင်းဖုန်းနဲ့ AI နည်းပညာတွေ သုံးခဲ့တယ်လို့ ပြီးခဲ့တဲ့ သီတင်းပတ်မှာ ဝန်ခံထားပါတယ်။

ဒါကြောင့် အရာရှိတွေက နိုင်ငံထဲရှိ မိုဘိုင်းဖုန်း တစ်လုံးချင်းစီတိုင်းကို အရေးပေါ် သတိပေးချက်တွေ ပေးပို့တာ အပါအဝင် သိုဝှက်ထားတဲ့ ပစ္စည်း ကိရိယာတွေကို ရှာဖွေဖို့ အရေးတကြီး ဆောင်ရွက်ခဲ့ရပါတယ်။

စာမေးပွဲကို ပြီးတဲ့အထိ ၉ နာရီကြာ ဖြေဆိုရတာ ဖြစ်ပြီး တောင်ကိုရီးယား နိုင်ငံသား သန်းပေါင်းများစွာရဲ့ အလုပ်အကိုင်ဆိုင်ရာ လမ်းကြောင်းတွေမှာ ကြီးမားတဲ့ အခန်းကဏ္ဍက ပါဝင်နေတဲ့ စာမေးပွဲ ဖြစ်ပါတယ်။

တာဝန်ရှိတဲ့ ဝန်ကြီးအနေနဲ့ မိမိတို့ ကြိုတင် ပြင်ဆင်ဖို့ ပျက်ကွက်ခဲ့တယ် ဆိုတဲ့ ဝေဖန်မှုတွေကနေ မလွတ်နိုင်ဘူးလို့ ယုံကြည်ကြောင်း ချွဲရဲ့ ပြောဆိုချက်ကို ကိုးကားပြီး တောင်ကိုရီးယား Yonhap သတင်းဌာနက ဖော်ပြပါတယ်။

အခု စာမေးပွဲပြီးဆုံးသွားချိန်မှာ မိမိအနေနဲ့ တာဝန်ရှိတယ်လို့ လေးလေးနက်နက် ခံစားရပြီး နုတ်ထွက်သွားမှာ ဖြစ်တယ်လို့ ပညာရေးဝန်ကြီးက ဆိုပါတယ်။

လက်ရှိ စာမေးပွဲ စစ်ဆေးတဲ့ စနစ်ကို ပြုပြင်ပြောင်းလဲဖို့ တိုက်တွန်းထားတဲ့ တောင်ကိုရီးယား သမ္မတ လီဂျေးမြောင်က နောက်ပိုင်းမှာ ဝန်ကြီး ချွဲရဲ့ ရာထူးက နုတ်ထွက်မှုကို လက်ခံခဲ့ ပါတယ်။

ကျောင်းသား ၅ သိန်းလောက် ပါဝင် ဖြေဆိုခဲ့တဲ့ အခုနှစ် ကောလိပ်ဝင်ခွင့် စာမေးပွဲအတွင်း ခွင့်မပြုထားတဲ့ စမတ်ပစ္စည်းများ တွေ့ရှိခဲ့တဲ့ စာမေးပွဲဖြေဆိုသူ ၁၁၁ဦး ရှိကြောင်း ပညာရေးဝန်ကြီးဌာနက စောစောပိုင်းမှာ ပြောဆိုခဲ့ပါတယ်။

ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ စာမေးပွဲအတွင်း ဝင်ခွင့် ဖြေဆိုသူတွေဟာ AI နည်းပညာသုံး ပစ္စည်းတွေနဲ့ စာမေးပွဲ ခိုးချတယ်ဆိုတဲ့ သတင်းတွေ ထွက်လာပြီးနောက် ပညာရေးဆိုင်ရာ မရိုးသားမှုနဲ့ ပတ်သက်တဲ့ စိုးရိမ်မှုတွေ မကြာသေးခင် သီတင်းပတ်တွေက ပိုများလာခဲ့ပါတယ်။

ဧပြီလက အခွန် စာရင်အင်းပညာ စာမေးပွဲမှာ အမှတ် အများဆုံးရရှိသူ ဟန် ဝမ်ဆောက်က စာမေးပွဲမှာ ခိုးချခဲ့ကြောင်း ဝန်ခံခဲ့ပြီးနောက် အဲဒီစိုးရိမ်မှုတွေဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ရက်က အမြင့်ဆုံးအနေအထား ရောက်လာခဲ့ပါတယ်။

မေးခွန်းပေါင်း ၁၆၀ ကို ဖြေဆိုရာမှာ တစ်ခုပဲ မှားယွင်းခဲ့တာနဲ့ ပတ်သက်လို့ သူ့ရဲ့ ပုံမှန်မဟုတ်ဘဲ အမှတ် အများကြီး ရရှိမှုကြောင့် လူအများ ဝေဖန်နေချိန်မှာ ဟန်က ဝန်ခံလိုက်တာ ဖြစ်ပါတယ်။

မေးခွန်းတွေကို ကင်မရာနဲ့ ရိုက်ပြီး AI စနစ်ဆီ ပို့လိုက်ပြီးတော့ စမတ်ဖုန်းမှာ ကို့ရဲ့ အဖြေတွေကို စစ်ဆေးပြီး ခိုးချခဲ့တာ ဖြစ်တယ်လို့ အသက် ၃၄ နှစ်အရွယ် ဟန်က ဝန်ခံထားပါတယ်။

ဒါကြောင့် ဆူနီအင် စာမေးပွဲ မတိုင်ခင် ရက်ပိုင်း အလိုလောက်မှာ အရာရှိတွေက အရေးပေါ် အစီအစဉ်တွေ မိတ်ဆက်ခဲ့ရပါတယ်။

ဒီလို ဆောင်ရွက်ရာမှာ စာမေးပွဲရက်က နိုင်ငံတစ်ဝန်း အရေးပေါ် သတိပေးချက်တွေ ပေးပို့တာလည်း ပါဝင် ပါတယ်။

ဒီလို သတိပေးချက်တွေ ပေးပို့မှုကြောင့် ဖုန်းတွေကို အသံပိတ်တာတွေ လိုင်းပိတ်ထားတာတွေ လုပ်ထားပေမယ့် နိုင်ငံတစ်ဝန်း ဖုန်းတွေ တပြိုင်နက်တည်းလို သတိပေးသံတွေ ဆူညံသွားခဲ့ပါတယ်။

ဒါက စာမေးပွဲ ခိုးချသူတွေကို စစ်ဆေးတွေ့ရှိရေး တောင်ကိုရီးယားက နိုင်ငံတော် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ သတိပေး စနစ်ကို ပထမဆုံး အသုံးပြုခဲ့တာ ဖြစ်ပါတယ်။

ဒီလို အခြေအနေတွေကြောင့် ရိုးရိုးသားသား စာမေးပွဲ ဝင်ဖြေသူတွေကို ယုံမှားသံသယ ဖြစ်လာစေခဲ့ပါတယ်။

ရိုးရိုး မျက်မှန်တပ်ထားသူတွေလည်း စမတ် မျက်မှန် တပ်ထားတယ်လို့ အထင်ခံရမှာကို စိုးရိမ်မှုတွေ ရှိခဲ့ပါတယ်။

စာမေးပွဲ စောင့်ကြပ်တဲ့ အရာရှိတွေ သံသယ မဝင်အောင် မျက်ကပ်မှန် ပြောင်းတပ်ပြီး စာမေးပွဲ ဝင်ရောက် ဖြေဆိုသူ တချို့လည်း ရှိခဲ့ပါတယ်။

Ref: BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.