ရိုဟင်ဂျာတွေ ပြန်လည် နေရာချထားရေး မလေးရှားရဲ့ ကြေညာချက်ကို တူရကီ ပယ်ချ

ကွာလာလမ်ပူ၊ နိုဝင်ဘာ ၂၃

လက်ရှိ မလေးရှားမှာ နေထိုင်နေတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၁၀၀၀၀ ကို တူရကီက လက်ခံမယ်ဆိုတဲ့ မလေးရှားရဲ့ ကြေညာချက်ကို တူရကီက နိုဝင်ဘာ ၂၁ ရက်မှာ ပယ်ချလိုက်ပါတယ်။

စနစ်တကျ ပြင်ဆင်ထားတဲ့ အရည်အသွေး လေ့ကျင့်ရေး စီမံကိန်းကတဆင့် ဒုက္ခသည်တွေကို ပြန်လည်နေရာချထားမှာ မလေးရှားဘက်က နိုဝင်ဘာ ၂၀ ရက်က ကြေညာခဲ့ပါတယ်။

ဒါပေမဲ့ လက်ထောက် ဝန်ကြီးချုပ် အာမက် ဇာဟစ်ရဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာမှာ ဖော်ပြထားတဲ့ အဲဒီ ကြေညာချက်ကို အကြောင်းအရင်း မဖော်ပြဘဲ နောက်ပိုင်းမှာ ဖယ်ရှားပစ်ခဲ့ပါတယ်။

မလေးရှားရှိ ရိုဟင်ဂျာ ဒုက္ခသည်တွေကို အလုပ်အကိုင်အတွက် အရည်အချင်းတွေ ပြည့်လာအောင် လေ့ကျင့်ပေးပြီး တူရကီက လက်ခံဖို့ သဘောတူထားကြောင်း သူက လူမှုမီဒီယာမှာ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

မှတ်ချက်ပြုပေးဖို့ ရုံးချိန်ပြင်ပမှာ လက်ထောက်ဝန်ကြီးချုပ် အာမက် ဇာဟစ်ရဲ့ ရုံးကို ဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ် မရခဲ့ပါဘူး။

သတင်းမှား တိုက်ဖျက်ရေး တူရကီ သမ္မတရုံးက အဲဒီ ကြေညာချက်ဟာ အခြေအမြစ် မရှိဘဲ ဖော်ပြချက် အမှားတွေကို မယုံကြည်ဖို့ အများပြည်သူကို လူမှုမီဒီယာ X ပေါ်မှာ တိုက်တွန်းထားပါတယ်။

မွတ်စလင် ရိုဟင်ဂျာတွေကို မြန်မာ လုံခြုံရေး တပ်ဖွဲ့တွေက ၂၀၁၇ ခုနှစ်မှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေနဲ့အတူ သတ်ဖြတ်ခဲ့တာဟာ အစိုးရ ကမကထပြုထားတဲ့ လူမျိုးတုန်း သတ်ဖြတ်မှုမြောက်ကြောင်း နိုင်ငံတကာ တရားရုံး ICJ က နိုဝင်ဘာ ၁၉ ရက်မှာ ဆုံးဖြတ်ခဲ့ပါတယ်။

ကနဦး ကြေညာချက်မှာ အာမက် ဇာဟစ်က အဲဒီ အဆိုပြုချက်ဟာ မလေးရှားရှိ ရိုဟင်ဂျာ ဒုက္ခသည်တွေရဲ့ အခြေအနေကို ညှိနှိုင်းထားတဲ့ ပိုပြီး ထိရောက်တဲ့ လူသားဆန်တဲ့ ပုံစံမျိုးနဲ့ ဖြေရှင်းရေး မလေးရှားအစိုးရ ကြိုးပမ်းမှုတွေရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။

မြန်မာနိုင်ငံက ဒုက္ခသည်တွေ ရှိနေတာကြောင့် ပိုပြီး စိတ်ပျက်လာနေတဲ့ မလေးရှားက သူတို့ကြောင့် ဘဏ္ဍာရေး ဝန်ထုပ်ဝန်ပိုး ဖြစ်လာသလို လုံခြုံရေး အန္တရာယ်တွေ ဖြစ်ပေါ်လာနေတယ်လို့ ပြောထားပါတယ်။

ဖေဖော်ဝါရီလကုန်အထိ မြန်မာနိုင်ငံက ဒုက္ခသည် ၁၉၃၀၀၀ ကို မလေးရှားက မှတ်ပုံတင်ထားကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များ အေဂျင်စီက ဖော်ပြထားပြီး သူတို့ထဲက သုံးပုံ နှစ်ပုံဟာ ရိုဟင်ဂျာတွေ ဖြစ်တယ်လို့ ပြောထားပါတယ်။

မြန်မာနိုင်ငံသား ၁၀၀၀၀ လောက်ကို မလေးရှားက ဇန်နဝါရီနောက်ပိုင်း မိခင် နိုင်ငံသို့ ပြန်လည် ပို့ဆောင်ထားပါတယ်။

ပြန်ပို့လိုက်လို့ မြန်မာနိုင်ငံကို ရောက်သွားရင် အန္တရာယ်တွေနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေ သတိပေးထားပေမယ့် မလေးရှားက မြန်မာနိုင်သားတွေကို ပြန်လည် ပို့ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ အခုအချိန် အထိတော့ မလေးရှားက ပြန်ပို့သူတွေထဲမှာ ရိုဟင်ဂျာတွေ မပါဝင်သေးကြောင်း ဝန်ကြီးချုပ် အန်ဝါ အေဘရာဟင်က ပြောထားပါတယ်။

မလေးရှားမှာ ရိုဟင်ဂျာတွေနဲ့ ပတ်သက်လို့ အမုန်းထား ပြောဆိုမှုတွေ ပိုများလာနေသလို လူဝင်မှု ကြီးကြပ်ရေးရဲ့ စီးနင်း ဖမ်းဆီးမှုတွေလည်း ပိုများလာနေပါတယ်။

ICJ ဆုံးဖြတ်ချက် ထွက်ပေါ်လာပြီးနောက် မလေးရှားက အဲဒီ ကိစ္စနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ၊ အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ (OIC) ၊ အာဆီယံတို့နဲ့ စေ့စပ်ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း နိုဝင်ဘာ ၂၂ ရက်မှာ ပြောပါတယ်။

ရိုဟင်ဂျာ လူနည်းစု အပေါ် မြန်မာက လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်ကြောင်း ICJရဲ့ ဆုံးဖြတ်ချက်ကို မလေးရှားက လေးစားကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက်မှာ ဖော်ပြပါတယ်။

တရားရုံး ဆုံးဖြတ်ချက်ကြောင့် ပေါ်ထွက်လာတဲ့ ကိစ္စတွေနဲ့ ပတ်သက်လို့ မလေးရှား အစိုးရအနေနဲ့ နိုင်ငံတကာနဲ့ ဒေသဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ စေ့စပ် ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

ထိခိုက် နစ်နာသူတွေကို လျော်ကြေးပေးရေးနဲ့ နောက်ထပ် ဥပဒေချိုးဖောက်မှုများ မဖြစ်စေရေး ကြိုတင် ကာကွယ်မယ့် အစီအစဉ်တွေ ချမှတ်ဖို့ မြန်မာကို တရားရုံးက ညွှန်ကြားထားပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.