ICJ စီရင်ချက်အပေါ် စစ်တပ်ခေါင်းဆောင်တွေကို တာဝန်ခံမှုရှိအောင်လုပ်ဖို့ နိုင်ငံတကာကို SCEF တိုက်တွန်း

နေပြည်တော် ၊ နိုဝင်ဘာ ၂၄

အပြည်ပြည်ဆိုင်ရာတရားရုံး ICJ ရဲ့ စီရင်ချက်အပေါ် မြန်မာစစ်တပ်ခေါင်းဆောင်ပိုင်းအပါအဝင် အဓိက တာဝန်ရှိသူတွေကို ကာကွယ်ပေးတာ ဒါမှမဟုတ် သူတို့ရဲ့ လုပ်ရပ်တွေကို ဆက်လုပ်နိုင်အောင် ပံ့ပိုးပေးတာတွေ မလုပ်ဘဲ တာဝန်ယူမှု တာဝန်ခံမှု ရှိစေရေးကို ထိရောက်စွာ လုပ်ဆောင်ဖို့ နိုင်ငံတကာအသိုက်အဝန်းကို SCEF က တိုက်တွန်းလိုက်ပါတယ်။

ဂမ်ဘီယာနိုင်ငံနဲ့ မြန်မာနိုင်ငံအကြား ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုနဲ့ပတ်သက်လို့ ICJ ရဲ့ စီရင်ချက်အပေါ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ SCEF က နိုဝင်ဘာ ၂၂ ရက်မှာ သဘောထား ထုတ်ပြန်ခဲ့တာပါ။

၂၀၁၇ ခုနှစ်အတွင်း ရခိုင်ပြည်မြောက်ပိုင်းရှိ ရိုဟင်ဂျာအုပ်စုအပေါ် မြန်မာနိုင်ငံက လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း ICJ ရဲ့ စီရင်ဆုံးဖြတ်ချက်ကို SCEF က အလေးအနက်ထားပြီး နိုင်ငံတကာတရားစီရင်ရေးမှာ သမိုင်းဝင်မှတ်တိုင် တစ်ရပ်လို့ ရှုမြင်ကာ အလွန်အရေးပါကြောင်း အသိအမှတ်ပြုထားတာ ဖြစ်ပါတယ်။

SCEF က တရားဥပဒေစိုးမိုးရေး၊ တန်းတူညီမျှရေးနဲ့ ခွဲခြားဆက်ဆံမှုမရှိရေး အခြေခံမူတွေကို အခိုင်အမာ လက်ကိုင်ထားပြီး နိုင်ငံတကာဥပဒေကို ပြင်းထန်စွာ ချိုးဖောက်ကျူးလွန်မှုအားလုံးအတွက် ကျူးလွန်သူတွေက ဘယ်အဖွဲ့အစည်းနဲ့ ဆက်နွယ်မှုရှိတာဖြစ်စေ တာဝန်ယူမှု တာဝန်ခံမှု ရှိစေဖို့ တောင်းဆိုထားတာပါ။

မြန်မာအပါအဝင် ဒေသတွင်းနိုင်ငံတွေနဲ့ နိုင်ငံတကာအသိုက်အဝန်းရဲ့ အနာဂတ်အတွက် မြန်မာနိုင်ငံမှာ အတိတ်က ကျူးလွန်ခဲ့တဲ့အပြင် လက်ရှိ ဆက်လက်ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေနဲ့ ပတ်သက်လို့ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိစေရေး ထိရောက်တဲ့ လက်တွေ့ အရေးယူမှုတွေလုပ်ဖို့ အလွန်အရေးကြီးတယ်လို့ ဆိုပါတယ်။

လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်လို့ သံသယရှိသူတွေကိုယ်တိုင် လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ကွန်ဗင်းရှင်းပါ တာဝန်ဝတ္တရားတွေကို လိုက်နာဖို့ အမိန့်ချမှတ်ထားတဲ့ စုံစမ်းစစ်ဆေးမှုတွေနဲ့ ပြစ်ဒဏ်ချမှတ် အရေးယူမှုတွေကို တာဝန်ယူတာ ဒါမှမဟုတ် အဲဒီလုပ်ငန်းစဉ်တွေအပေါ် အာဏာပိုင်ဆိုင်ခြင်း မပြုသင့်ဘူးလို့ SCEF က ထောက်ပြထားတာပါ။

တရားရုံးရဲ့ အမိန့်မှာ ဖော်ပြထားတဲ့အတိုင်း တရားမျှတမှု ဖော်ဆောင်ရေးအတွက် အလားတူ ရာဇဝတ်မှုတွေ ထပ်မံမဖြစ်ပွားစေဖို့ ယုံကြည်စိတ်ချရတဲ့ အာမခံချက်တွေလည်း လိုအပ်ပါတယ်။ အဲဒီလို အာမခံချက်ပေးနိုင်ဖို့ နိုင်ငံရေးနဲ့ စစ်ရေးဆိုင်ရာ ဖွဲ့စည်းပုံတွေကို အသွင်ပြောင်းလဲတာနဲ့ စစ်တပ်အပေါ် အရပ်သားအုပ်ချုပ်မှု၊ ကြီးကြပ်ကွပ်ကဲမှု ထူထောင်တာတွေ လိုအပ်တယ်လို့ အသိပေးပါတယ်။

ဘယ်လိုပုံစံနဲ့မဆို စစ်အုပ်ချုပ်ရေး ဆက်လက်တည်ရှိနေတာက အဲဒီ အာမခံချက်တွေကို ပေးနိုင်စွမ်းမရှိကြောင်း လက်တွေ့အခြေအနေတွေက သက်သေပြနေတာကြောင့် မြန်မာနိုင်ငံမှာ အနှစ်သာရပြည့်ဝတဲ့ နိုင်ငံရေးအသွင်ကူးပြောင်းမှုတစ်ရပ် ဖြစ်ပေါ်လာစေဖို့ သက်ဆိုင်သူအားလုံး တွန်းအားပေးလုပ်ဆောင်ရမယ့် တာဝန်ရှိတယ်လို့ SCEF က ဆိုပါတယ်။

အထူးသဖြင့် SCEF ရဲ့ အဖွဲ့ဝင်အဖွဲ့အစည်းတွေ နယ်မြေစိုးမိုးထိန်းချုပ်ထားတဲ့ ဒေသတွေမှာ မိမိတို့ရဲ့ ကိုယ်ကျင့်တရားဆိုင်ရာနဲ့ ဥပဒေဆိုင်ရာ တာဝန်ဝတ္တရားတွေကို ဖြည့်ဆည်းလုပ်ဆောင်သွားဖို့ ကတိပြုထားတာ ဖြစ်ပါတယ်။

အဲဒီလို လုပ်ဆောင်ရာမှာ အရပ်သားတွေကို ကာကွယ်ပေးရေး၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ လက်လှမ်းမီရရှိရေး၊ အားလုံးပါဝင်တဲ့ အုပ်ချုပ်ရေးစနစ်တွေ အားကောင်းလာစေရေးနဲ့ အမုန်းစကားတွေ ပျံ့နှံ့မှုကို တားဆီးကာကွယ်ရေးအတွက် အဆက်မပြတ် ကြိုးပမ်းလုပ်ဆောင်ဖို့ လိုအပ်ပါတယ်။

ဒါ့အပြင် သက်သေအထောက်အထားတွေကို ထိန်းသိမ်းစုဆောင်းတာ လုံခြုံစိတ်ချရတဲ့ တိုင်ကြားမှုလုပ်ငန်းစဉ်တွေ ထူထောင်တာနဲ့ ချိုးဖောက်မှုဆိုင်ရာ စွပ်စွဲချက်တွေအပေါ် ယုံကြည်စိတ်ချရတဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နိုင်ဖို့လည်း ပါဝင်ပါတယ်။

ရခိုင်ပြည်မှာ လက်ရှိ အဓိကအာဏာပိုင်ဖြစ်တဲ့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် ULA/AA အပါအဝင် ရခိုင်ပြည်ရှိ သက်ဆိုင်သူအားလုံး၊ နိုင်ငံတကာအသိုက်အဝန်းတွေနဲ့ နီးကပ်စွာ ပူးပေါင်းပြီး အဖြေရှာရေးလုပ်ငန်းစဉ်တွေကို အတူတကွ ဖော်ဆောင်သွားမယ်လို့ SCEF က ထုတ်ပြန်ချက်မှာ အသိပေးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-TLT

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.