မြန်မာနိုင်ငံက မြေရှား သတ္တုတူးဖော်မှုမှာ အသုံးပြုတဲ့ ဓာတုပစ္စည်း တင်ပို့မှု တားမြစ်ရေး ထိုင်း စီစဉ်

ဘန်ကောက်၊ နိုဝင်ဘာ ၂၃

မြေရှားသတ္တု တူးဖော်ရာမှာ အသုံးပြုတဲ့ ဓာတုပစ္စည်းတွေ မြန်မာနိုင်ငံဆီ တင်ပို့မှုကို ရပ်တန့်ရေး စီစဉ်နေကြောင်း ထိုင်း လက်ထောက် ဝန်ကြီးချုပ်က ပြောလိုက်ပါတယ်။

မြန်မာနိုင်ငံရှိ တရုတ်လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ မြေရှားသတ္တု တူးဖော်ရာနေရာတွေကြောင့် နယ်စပ် ဖြတ်ကျော် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုတွေနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေ မြင့်တက်နေချိန်မှာ အခုလို အစီအစဉ် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

အဲဒီ လုပ်ရပ်က ဖြစ်နိုင်ခြေရှိတဲ့ နေရာတိုင်းကို တွန်းအားပေးဖို့ ရည်ရွယ်တာ ဖြစ်တယ်လို့ လက်ထောက်ဝန်ကြီးချုပ် ယွတ်ချာနန် ဝေါင်ဆာဝတ်က ပြောပါတယ်။

မြန်မာနိုင်ငံနဲ့ တခြား ဆက်စပ်နိုင်ငံတွေအတွက် မြေရှားသတ္တု ထုတ်ယူမှုကို ပစ်မှတ်ထား လုပ်ဆောင်တာ ဖြစ်ကြောင်း သူက ဖြည့်စွက် ပြောဆိုပေမယ့်နောက်ထပ် အသေးစိတ်ကိုတော့ ထုတ်မပြောပါဘူး။

ထိုင်း၊ တရုတ်နဲ့ မြန်မာတို့ အဲဒီ ကိစ္စနဲ့ ပတ်သက်ပြီး နိုဝင်ဘာ ၂၄ ရက်နဲ့ ၂၆ ရက်ကြား ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ စီစဉ်ထားကြောင်း ဘန်ကောက်အစိုးရက ပြောပါတယ်။

ထိုင်း-မြန်မာ အမှုဆောင်အဖွဲ့တွေဟာလည်း နိုဝင်ဘာ ၂၅ ရက်နဲ့ ၂၆ ရက်မှာ တွေ့ဆုံဆွေးနွေးဖို့လည်း စီစဉ်ထားပါတယ်။

ထိုင်းနယ်စပ် မြန်မာဖက်ခြမ်းရှိ မြေရှားသတ္တု တူးဖော်မှုတွေကြောင့် ထိုင်း မြောက်ပိုင်းရှိ မြစ်တွေရဲ့ မြစ်ရေတွေ ညစ်ညမ်းမှု ဖြစ်ပေါ်နေရပါတယ်။

အဆိပ်အတောက် ပါဝင်တဲ့ ရေထုညစ်ညမ်းမှု တိုက်ဖျက်ရေး ခို့ခ်မြစ်ကို ရေထု ညစ်ညမ်းမှု ထိန်းချုပ်ရေး ဇုံအဖြစ် သတ်မှတ်ရေး စီစဉ်ထားတယ်လို့ အစိုးရက နိုဝင်ဘာ ၂၂ ရက်မှာ ပြောပါတယ်။

သံလွင်မြစ် အပါအဝင် ထိုင်းနိုင်ငံရှိ မြစ်ကြောင်းတွေမှာ ရေထဲ အာဆင်းနစ် အဆိပ် ပါဝင်မှု မြင့်မားနေတာကြောင့် ဒေသခံတွေက အရေးယူ ဆောင်ရွက်ပေးရေး ဆန္ဒပြ တောင်းဆိုနေကြပါတယ်။

အာဏာပိုင်တွေက ရေထု ညစ်ညမ်းမှု ဖြစ်နေတဲ့ မြစ်ကြောင်းတလျှောက် နေထိုင်သူတွေအနေနဲ့ မြစ်တွေထဲကနေ ဖမ်းယူရရှိတဲ့ ငါးတွေ ပုစွန်တွေကို မစားကြဖို့ အန္တရာယ်မရှိတဲ့ ရေတွေကို အသုံးပြုကြဖို့ တိုက်တွန်းထားပါတယ်။

ထိုင်းနိုင်ငံ မြောက်ပိုင်းရှိ မြစ်ရေ နမူနာတွေကို စစ်ဆေးရာမှာ အာဆင်းနစ် အဆိပ် ပါဝင်မှု ပမာဏ စံသတ်မှတ်ချက်တွေထက် အဆ ၃၀ ပိုများနေတာ တွေ့ရပါတယ်။

ဒီလို ရေထု ညစ်ညမ်းမှုနဲ့ ပတ်သက်လို့ ပူးပေါင်း ဖြေရှင်းရေး တရုတ်က သဘောတူထားပြီး ထိုင်းက မြန်မာဖက်က အရေးပေါ် အရေးယူဆောင်ရွက်ပေးဖို့ အလိုရှိနေပါတယ်။

ထိုင်းဒေသခံ ၈၉ ဒသမ ၂ ရာခိုင်နှုန်းက မြစ်ရေ ညစ်ညမ်းမှုနဲ့ ပတ်သက်လို့ အထူး စိုးရိမ်နေပြီး ပြဿနာကို အစိုးရ ဖြေရှင်းနိုင်စွမ်းအပေါ် ၈၅ ရာခိုင်နှုန်းက အယုံအကြည် မရှိတာနဲ့ နည်းနည်းလေးပဲ အယုံအကြည်ရှိကြောင်း သဘောထား စစ်တမ်းတွေမှာ ဖော်ပြထားပါတယ်။

ရေထု ညစ်ညမ်းမှု အခြေအနေအား အမြဲ စောင့်ကြည့်ရေး မြန်မာနိုင်ငံမှာ ရေထု စောင့်ကြည့်ရေး စခန်း ၃ ခု ဖွင့်လှစ်ရေး ခွင့်ပြုချက် ရရှိဖို့ ထိုင်းက ကြိုးပမ်းမှာ ဖြစ်ပြီး ထိုင်းဖက်ခြမ်းမှာ စခန်း နောက်ထပ် ၄ ခု ဖွင့်လှစ်သွားမှာ ဖြစ်တယ်လို့ ထိုင်း သဘာဝအရင်းအမြစ်နဲ့ သဘာဝ ပတ်ဝန်းကျင်ဝန်ကြီးဌာနက ပြောပါတယ်။

ချင်းမိုင်နဲ့ ချင်းရိုင်မှာ စစ်ဆေးမှုတွေ အရှိန်မြှင့်တင်ရေး စစ်ဆေးရေးနေရာတွေနဲ့ အတူ ခို့ခ်မြစ်နဲ့ မြစ်လက်တက်တွေမှာ ရေထု အရည်အသွေး စောင့်ကြည့်ရေး စခန်း ၂၀ အထိ ဖွင့်လှစ်ဖို့ ထိုင်း အရာရှိတွေက စီစဉ်နေပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.