အာဆီယံအခြေခံမူတွေကို မြန်မာအနေနဲ့ လိုက်နာဖို့ အခက်အခဲရှိမယ်လို့ စစ်အစိုးရတုံ့ပြန်

နေပြည်တော်၊ နိုဝင်ဘာ ၂၄

စစ်အစိုးရရဲ့ နိုင်ငံရေး တရားဝင်မှုကို ဆက်လက်ကန့်သတ်ထားတဲ့ အာဆီယံအနေနဲ့ ပဋိညာဉ်စာတမ်းပါ အခြေခံမူတွေကို လိုက်နာဖို့ ဆက်လက်ပျက်ကွက်နေမယ်ဆိုရင် မြန်မာနိုင်ငံအနေနဲ့လည်း အဲဒီအခြေခံမူတွေကို လေးစားလိုက်နာဖို့ အခက်အခဲရှိမယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက သတိပေး တုံ့ပြန်လိုက်ပါတယ်။

အာဆီယံက အာဆီယံပဋိညာဉ်စာတမ်းပါ အချုပ်အခြာအာဏာပိုင်ဆိုင်မှု လေးစားရေး၊ တန်းတူညီမျှမှုရှိရေး၊ အားလုံးပါဝင်ရေးနဲ့ တူညီဆန္ဒနဲ့ ဆုံးဖြတ်ရေး စတဲ့ မူလအခြေခံမူတွေကို ထိန်းသိမ်းစောင့်ရှောက်လိမ့်မယ်လို့ မြန်မာနိုင်ငံက ယုံကြည်မျှော်လင့်ထားတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ ကျင်းပခဲ့တဲ့ ၄၉ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးမှာ ဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည်ဖော်မှုအပေါ် အာဆီယံ ခေါင်းဆောင်တွေရဲ့ သုံးသပ်ချက်နဲ့ ဆုံးဖြတ်ချက်တွေနဲ့ ပတ်သက်လို့ နိုဝင်ဘာ ၂၁ ရက်မှာ ထုတ်ပြန်ခဲ့တာပါ။

အာဆီယံထိပ်သီးအစည်းအဝေးရဲ့ ကြေညာချက်နဲ့ အကြံပြုတိုက်တွန်းချက်တွေဟာ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံရဲ့ အပြုသဘောဆောင်တဲ့ လုပ်ဆောင်ချက်တွေအပေါ် ထင်ဟပ်မှုမရှိတဲ့အပြင် တရားမျှတမှုမရှိကြောင်း တွေ့ရှိရတယ်လို့ ဆိုပါတယ်။

ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ရာမှာ အဓိပ္ပာယ်ပြည့်ဝတဲ့ တိုးတက်မှု မရှိသရွေ့ အာဆီယံထိပ်သီးအစည်းအဝေးတွေနဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွေမှာ မြန်မာနိုင်ငံက နိုင်ငံရေးအရ ကိုယ်စားမပြုသူကိုသာ တက်ရောက်ဖို့ ဆုံးဖြတ်ခဲ့တာပါ။

ဒါကြောင့် စစ်အစိုးရရဲ့ ကိုယ်တိုင်ခန့် သမ္မတ ဦးမင်းအောင်လှိုင်နဲ့ နိုင်ငံခြားရေးဝန်ကြီးတို့ အာဆီယံထိပ်သီးအစည်းအဝေး တက်ရောက်ခွင့်ကို ဆက်လက်ပိတ်ပင်ခံထားရတဲ့အတွက် နိုင်ငံရေးအရ တရားဝင်မှု ရဖို့ အလှမ်းဝေးသွားစေခဲ့တာ ဖြစ်ပါတယ်။

အာဆီယံ ထိပ်သီးအစည်းအဝေးတွေကို အဖွဲ့ဝင်နိုင်ငံတွေရဲ့ တက်ရောက်မှုနဲ့ ပတ်သက်လို့ သတ်မှတ်ချက်ကို သက်ဆိုင်ရာနိုင်ငံကသာ အာဆီယံပဋိညာဉ်စာတမ်းနဲ့အညီ တက်ရောက်တာဖြစ်ပြီး အခုလို ခွဲခြားဆက်ဆံတာဟာ အာဆီယံပဋိညာဉ်စာတမ်းနဲ့ မကိုက်ညီသလို အစဉ်အလာလည်း မရှိခဲ့ဘူးလို့ စစ်အစိုးရက အသိပေးထားတာပါ။

ဘုံသဘောတူညီချက် ၅ ရပ်ကို လိုက်နာအကောင်အထည်ဖော်မှု ပျက်ကွက်ခဲ့လို့ စစ်ခေါင်းဆောင်တွေကို အာဆီယံထိပ်သီးအစည်းအဝေးတက်ရောက်ခွင့် ဆက်တိုက်ပိတ်ပင်ခံထားရတာဟာ လက်ရှိ စစ်အစိုးရအဖြစ် အသွင်ပြောင်းထားချိန်အထိ ဖြစ်ပါတယ်။

နိုင်ငံရေး‌လေ့လာသုံးသပ်သူ ဦးကြီးမြင့်က အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်ခဲ့တဲ့ ပြဿနာအရပ်ရပ်ကို စစ်ခေါင်းဆောင်က အပြစ်ပေးအရေးယူခံရမယ့် အကြောက်တရားကြောင့် ဘုံသဘောတူညီချက်ကို မလိုက်နာတာလို့ သုံးသပ်ပါတယ်။

“အာဏာသိမ်းခဲ့တာ လူသတ်ထားတာတွေက သူ ပြန်တရားခံဖြစ်မှာလေ။ ဒါကြောင့် သူ့ကို ကြင်စိုး ကြိုးစင်လို့ ပြောနေတာ အကြောင်းမဲ့ မဟုတ်ဘူး။ အဲဒီဟာတွေက သူက ကျူးလွန်ထားတာကို ဒါကြောင့်မို့ ဘယ်လိုမှ လုပ်လို့မရဘူး။ အဲဒီတော့ ဘာဖြစ်လာလဲဆိုတော့ သူက ကြိုးစင်ရောက်တော့မှာလားဆိုတဲ့ အကြောက်တရားနဲ့ (ဘုံသဘောတူညီချက်ကို) မလိုက်နာတာ။ အဲဒီတော့ နိဂုံးချုပ်ပြောချင်တာတော့ သူ့အတွက် ထွက်ပေါက်ပိတ်နေတာ။ အမှန်က ထွက်ပေါက်ကို သူပိတ်ထားတာ၊ သူ့ လုံခြုံရေးကို အပြည့်အဝ အာမခံချက်ရှိတဲ့ အချက်အလက်မျိုးတွေကို ဆွေးနွေးပြီးတော့ ပြန်ဖွင့်ပေးရင်ကို ရတယ်၊ ဖွင့်ပေးချင်စိတ်ကို မရှိတာ သူက တစ်သက်လုံး ရာသက်ပန် အုပ်ချုပ်ချင်တဲ့ အာဏာရူးဖြစ်နေတာ ပြဿာနာက အဲဒါပဲ” လို့ ဆိုပါတယ်။

ဘုံသဘောတူညီချက် ၅ ရပ်ထဲမှာ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ရေး၊ သက်ဆိုင်သူအားလုံး ပါဝင်တဲ့ ဆွေးနွေးပွဲတွေ စတင်ရေး၊ လူသားချင်းစာနာမှုအကူအညီတွေ ပေးရေး၊ အာဆီယံအထူးကိုယ်စားလှယ် ခန့်အပ်ရေးနဲ့ အထူးကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံကို လာရောက်ပြီး သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံဆွေးနွေးဖို့ ဖြစ်ပါတယ်။

ဒီအတွက် နွေဦးတော်လှန်ရေးကနေ ပေါ်ပေါက်လာတဲ့ လက်နက်ကိုင်အင်အားစုတွေကိုပါ ဆွေးနွေးရမှာဖြစ်သလို အဲဒီအစုဖွဲ့တွေနဲ့အတူ တိုင်းရင်းသားအဖွဲ့တွေကလည်း မြန်မာ့နိုင်ငံရေး စနစ်တစ်ခုလုံးကို ပြောင်းလဲမှာဖြစ်လို့ စစ်တပ် နိုင်ငံရေးကနေ အပြီးတိုင်ထွက်ခွာမယ့် ခြေလှမ်းအထိ ကြိုးပမ်းနေကြတာပါ။

လေ့လာသူတွေကတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ စစ်တပ်က မြန်မာ့နိုင်ငံရေးအခန်းကဏ္ဍမှာ အစဉ်တစိုက် ပါဝင်နေမှုနဲ့အတူ စစ်အာဏာရှင်စနစ် တည်တံ့ရေးနဲ့ လက်ရှိ ချုပ်ကိုင်ထားတဲ့ အာဏာအရပ်ရပ်ကို လက်လွှတ်ရမှာ စိုးတာကြောင့် စစ်အစိုးရက ဘုံသဘောတူညီချက်ကို မလိုက်နာနိုင်တာလို့ ဝေဖန်ကြပါတယ်။

လက်ရှိမှာလည်း ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေးနဲ့ အပြစ်ပေးရေးဆိုင်ရာ သဘောတူစာချုပ်ကို မြန်မာနိုင်ငံက ချိုးဖောက်ခဲ့တယ်ဆိုတဲ့ ဂမ်ဘီယာနိုင်ငံက စွဲချက်ကို အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ က အပြီးသတ်စီရင်ချက် ချမှတ်ထားပြီး ဖြစ်ပါတယ်။

ဒီအတွက် ၂၀၂၁ အာဏာသိမ်းမှုကို အရင်းပြုပြီး အပိုင်းလိုက်ရွေးကောက်ပွဲကနေ ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံရဲ့ စစ်အစိုးရအနေနဲ့ တရားရုံးစီရင်ချက်ကို အကောင်အထည်ဖေည်ဖို့ တာဝန်ရှိသလို ၂၀၀၈ ဖွဲ့စည်းပုံအရ အမှုဖြစ်ပွားခဲ့တဲ့အချိန်မှာ စစ်တပ်ရဲ့ တပ်ချုပ်ဖြစ်ခဲ့တဲ့ စစ်ခေါင်းဆောင်မှာလည်း တာဝန်အရှိဆုံး ဖြစ်ပါတယ်။

ဒါကြောင့် အာဆီယံထဲ ပြန်လည်ဝင်ဆံ့ရေးဆိုတဲ့ စစ်အစိုးရ လိုချင်နေတဲ့ နိုင်ငံရေးတရားဝင်မှုကို အခက်တွေ့သွားစေနိုင်ပြီး အာဆီယံကလည်း မြန်မာ့အရေး ဖြေရှင်းရာမှာ ဘုံသဘောတူညီချက် ၅ ရပ်ကို အဓိကမူဘောင်အဖြစ် ဆက်လက်အတည်ပြုထားတာပါ။

နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးကလည်း အာဆီယံက အခွင့်အရေးတွေ အများကြီးပေးခဲ့ပေမယ့် ဖြေလျှော့မှုတွေ တစ်ခုမှ မလုပ်ခဲ့တဲ့အတွက် ဘုံသဘောတူညီချက်ကို မလိုက်နာသရွေ့ ဒီအတိုင်းပဲ သွားနေမယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“သူ့ကို (မင်းအောင်လှိုင်) အာဆီယံက အခွင့်အရေးတွေ အများကြီးပေးခဲ့တယ်။ လက်ရှိအချိန်အထိ သူကလည်း ဒီအခွင့်အရေးကို တစ်ခုမှ အသုံးမချခဲ့ဘူး။ ဖြေလျှော့မှုတွေလည်း တစ်ခုမှ မလုပ်ခဲ့ဘူး။ ဒါပေမယ့်လည်း အာဆီယံက သူတို့ကို ကျဉ်ဖယ်နေတဲ့အခါကျတော့ သြော် ငါတို့ကို မင်းတို့က ကျဉ်ဖယ်နေပါလားဆိုတဲ့ အရပ်စကားလို ဖြစ်နေတယ်။ သူကျတော့ လိုက်နာလား ဖြေလျှော့လားဆိုတော့ ဘာမှ မဖြေလျှော့ခဲ့ဘူး။ ဆိုတော့ အာဆီယံက သူ့ရဲ့ မူဝါဒအတိုင်း လုပ်ထုံးလုပ်နည်းအတိုင်း သွားတယ်လို့ ကျွန်တော် ထင်ပါတယ်ခင်ဗျ။ လက်ရှိ မူ ၅ ချက်ကို မလိုက်နာသရွေ့ ကတော့ အာဆီယံနဲ့ ဒီအတိုင်းပဲ သွားမယ်လို့ ကျွန်တော် ထင်တယ်”လို့ ဆိုပါတယ်။

စစ်အစိုးရကတော့ အာဆီယံနိုင်ငံတွေရဲ့ အကြံပြုတိုက်တွန်းချက်တွေကို စစ်ကောင်စီလက်ထက်က ချမှတ်ခဲ့တဲ့ ရှေ့လုပ်ငန်းစဉ် (၅) ရပ်ဟာ ဘုံသဘောတူညီချက်နဲ့ အပြန်အလှန်ဆက်နွယ်မှုရှိတဲ့အတွက် အဖြစ်နိုင်ဆုံး ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ထည့်သွင်းထားတာပါ။

ဒါ့အပြင် အာဆီယံနဲ့ ဆက်ဆံရေးတိုးမြှင့်နိုင်ဖို့ အာဆီယံရေးရာကော်မတီကို စက်တင်ဘာနှောင်းပိုင်းမှာ သမ္မတရုံးကနေ ဖွဲ့စည်းပေးခဲ့ပြီး မြန်မာနိုင်ငံရဲ့ ရှေ့လုပ်ငန်းစဉ်တွေ ဦးတည်ချက်တွေနဲ့အညီ ပူးပေါင်းလုပ်ဆောင်မှုတွေကိုလည်း အဖွဲ့ဝင်နိုင်ငံတွေနဲ့ အာဆီယံအတွင်းရေးမှူးချုပ်ရုံးကို ပေးပို့ခဲ့ပါသေးတယ်။

လက်ရှိ စစ်အစိုးရကနေ ထာဝရငြိမ်းချမ်းရေးရရှိဖို့ NCA မူဘောင်အောက်က ကြိုတင်ကန့်သတ်ချက်တွေ မထားဘဲ သက်ဆိုင်သူအားလုံးကို ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ပါဝင်ဖို့ အကြိမ်ကြိမ်ဖိတ်ခေါ်နေတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ၂၀၂၁ စစ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို ချန်လှပ်ထားသလို လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ PDF တွေကိုတော့ လက်နက်ချ အလင်းဝင်ခိုင်းတာ ဖြစ်ပါတယ်။

တဖက်မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်ပေးဖို့ တောင်းဆိုနေကြတဲ့ အာဆီယံနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကိုလည်း မြန်မာနိုင်ငံမှာ တည်ဆဲဥပဒေတွေအရ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသားတွေသာရှိပြီး နိုင်ငံရေးအကျဉ်းသားတွေ မရှိဘူးလို့ စစ်အစိုးရက တုံ့ပြန်ခဲ့တာပါ။

စစ်တပ်ရဲ့ စစ်ဆင်ရေးတွေနဲ့ ပတ်သက်လို့ နိုင်ငံတော်အစိုးရက အချုပ်အခြာအာဏာ၊ ပိုင်နက်နယ်မြေနဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို ကာကွယ်စောင့်ရှောက်ဖို့ တာဝန်ရှိတဲ့အလျောက် လိုအပ်တဲ့ တုံ့ပြန်မှုတွေကိုသာ လုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။

အဲဒီလို လုပ်ဆောင်ရာမှာ ပြည်တွင်းဥပဒေတွေ၊ ထိတွေ့တိုက်ခိုက်မှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ အနည်းဆုံးအင်အားနဲ့ ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ခဲ့တာလို့ စစ်အစိုးရက ပြောပေမယ့် လက်တွေ့မှာတော့ အရပ်သားထိခိုက်သေဆုံးမှုတွေကိုသာ ဦးတည်နေတာပါ။

AHA Center ကနေတဆင့် လူသားချင်းစာနာမှု အကူအညီတွေ ပေးအပ်နိုင်ရေးကို လုံခြုံရေးအရ ခွင့်ပြုနိုင်တဲ့ဒေသတွေမှာ မြန်မာနိုင်ငံက ပူးပေါင်းသွားမှာဖြစ်ပေမယ့် စည်းမျဉ်းကို အခြေခံတဲ့ အာဆီယံက မြန်မာနိုင်ငံအပေါ် ခွဲခြားဆက်ဆံနေတယ်လို့ စစ်အစိုးရက ရှုမြင်ထားတာ ဖြစ်ပါတယ်။

အာဆီယံပဋိညာဉ်စာတမ်းပါ အခြေခံမူတွေ အထူးသဖြင့် အချုပ်အခြာအာဏာပိုင်ဆိုင်မှု၊ တန်းတူညီမျှရှိမှု၊ ပြည်တွင်းရေးမှာ ဝင်ရောက်မစွက်ဖက်မှုနဲ့ တူညီဆန္ဒနဲ့ ဆုံးဖြတ်မှုတွေကို လေးစားလိုက်နာခြင်း မရှိတာက အလွန်စိတ်မကောင်းဖွယ်ရာဖြစ်တယ်လို့ ဆိုပါတယ်။

ကိုယ်တိုင်ခန့် သမ္မတ ဦးမင်းအောင်လှိုင်ကလည်း အာဆီယံနဲ့ ရှေ့ဆက် ဆက်ဆံရေးအတွက် ပြန်လည်သုံးသပ်သွားဖို့ ဆုံးဖြတ်ထားတယ်လို့ နိုဝင်ဘာ ၁၈ ရက်က ကျင်းပခဲ့တဲ့ တတိယကြိမ် ပြည်ထောင်စုလွှတ်တော် တတိယပုံမှန်အစည်းအဝေးမှာ ပြောကြားထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.