စင်ကာပူ၊ နိုဝင်ဘာ ၂၃
စင်ကာပူနဲ့ တရုတ်တို့က ဒီဂျစ်တယ် ကုန်သွယ်ရေး၊ ဆန်းသစ် တီထွင်ရေး၊ အားကစားနဲ့ ကျန်းမာရေး စောင့်ရှောက်မှုတို့ ပါဝင်တဲ့ သဘောတူညီမှု ၂၉ ခု ရရှိကြောင်း နိုဝင်ဘာ ၂၃ ရက်မှာ ကြေညာပါတယ်။
သဘောတူညီချက်တွေ ရရှိပြီးနောက် တရုတ်နိုင်ငံ ဟိုင်နန်ပြည်နယ်က မွေးမြူရေး ခြံထွက်အသားတွေ၊ ဝက်သားနဲ့ ကြက်ဥ၊ ဘဲဥတွေ တင်သွင်းရေး စင်ကာပူက ခွင့်ပြုလိုက်ပါတယ်။
နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုအား နှစ်စဉ် ပြန်လည် သုံးသပ်ရေး ကျင်းပတဲ့ နှစ်နိုင်ငံ အစည်းအဝေး ဖြစ်တဲ့ ၂၂ ကြိမ်မြောက် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ပူးတွဲကောင်စီ အစည်းအဝေးမှာ အခုလို ကြေညာချက်တွေ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။
အဲဒီ ဆွေးနွေးပွဲတွေကို တရုတ် လက်ထောက်ဝန်ကြီးချုပ် တိန်းရှူကျန်းရဲ့ နိုဝင်ဘာ ၂၂ ၊ ၂၃ ရက် စင်ကာပူ ခရီးစဉ်အတွင်း ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
လက်ထောက် ဝန်ကြီးချုပ်၊ စွမ်းအင်၊ ကုန်သွယ်ရေးနဲ့ စက်မှု လုပ်ငန်း (ကုန်သွယ်ရေး)ဝန်ကြီး ဂန် ကင်ယောင်တို့နဲ့အတူ မစ္စတာ တိန်းက ပူးတွဲဦးဆောင် ကျင်းပခဲ့ကြတာ ဖြစ်ပါတယ်။
ဒါက စင်ကာပူသို့ အေးခဲ မွေးမြူရေး အသားတွေနဲ့ ဥတွေကို တရုတ်နိုင်ငံ ဟိုင်နန် ပြည်နယ်က ပထမဆုံး တင်ပို့ခွင့် ခွင့်ပြုခံရတာ ဖြစ်တယ်လို့ စင်ကာပူ အာဏာပိုင်တွေက ပြောပါတယ်။
စင်ကာပူ နိုင်ငံသားတွေအနေနဲ့ ဟိုင်နန် ဘဲငန်းသားနဲ့ ဝမ်ချန်း ကြက်သားတို့လို ထုတ်ကုန်တွေ ဝယ်ယူနိုင်ဖို့ မျှော်လင့်နိုင်ပြီ ဖြစ်ကြောင်း အရာရှိတွေက ပြောပါတယ်။
စင်ကာပူနဲ့ တရုတ်တို့ရဲ့ အစိုးရချင်း ချိတ်ဆက်ထားတဲ့ စီမံကိန်းကြီး သုံးခုရဲ့ အခြေအနေ တိုးတက်မှုကို သုံးသပ်ရေး ပူးတွဲ ဦးဆောင်ကောင်စီ အစည်းအဝေး သုံးရပ် ကျင်းပဖို့လည်း စီစဉ်ထားပါတယ်။
နှစ်နိုင်ငံကြား ငွေပေးချေမှု လျင်မြန်မာစေရေးအတွက်လည်း လမ်းကြောင်းတွေ ပိုအားကောင်းအောင် လုပ်ဆောင်ဖို့ စီစဉ်ထားပါတယ်။
လူတွေနဲ့ စီးပွားရေးလုပ်ငန်းတွေ တရုတ်ဈေးကွက်ထဲ ဝင်ရောက်ဖို့ ပိုမို လွယ်ကူလာမှာ ဖြစ်ပြီး စီးပွားရေးနဲ့ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းတွေကို အားဖြည့်ပေးမှာ ဖြစ်ကြောင်း စက်ကာပူ အရာရှိတွေက ပြောပါတယ်။
နှစ်နိုင်ငံကြား သဘောတူညီမှုတွေမှာ ဝန်ဆောင်မှု အပြန်အလှန် ပေးရေး ၊အကောက်ခွန်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ စိုက်ပျိုးရေး နည်းပညာ၊ ပြည်သူ့ ကျန်းမာရေးနဲ့ စက်မှုလုပ်ငန်း ဖွံ့ဖြိုးရေးတို့ အပါအဝင် ကျယ်ပြန့်တဲ့ နယ်ပယ်တွေ ပါဝင်ပါတယ်။
Ref:CNA

