ယူကရိန်း စစ်ပွဲအတွင်း ကိုယ့်ကိုယ်ကို သတ်သေတဲ့ ရုရှား စစ်သား ၁၀၀၀ ကျော်ရှိ

ကိဗ်၊ နိုဝင်ဘာ ၂၄

ယူကရိန်းကို ရုရှားက ရာနှုန်းပြည့် ကျူးကျော်တိုက်ခိုက်မှု စတင်ပြီး နောက်ပိုင်း ကိုယ့်ကိုယ်ကို သတ်သေတဲ့ ရုရှား စစ်သား ၁၀၀၀ ကျော်ရှိကြောင်း ရုရှား အစိုးရ စာရင်းအင်း အေဂျင်စီ Rosstat ရဲ့ ပေါက်ကြားလာတဲ့ လျှို့ဝှက် အချက်အလက်တွေက ဖော်ပြနေပါတယ်။

ယူကရိန်းနိုင်ငံတွင်းမှာ ဒါမှမဟုတ် အနီးမှာ လက်နက် ခဲယမ်းတွေနဲ့ ဆက်စပ်တဲ့ ထိခိုက်ဒဏ်ရာရမှုတွေ ရှိနေပြီး နောက်ထပ် စစ်သား ၈၈၅ ဦးလည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

ကိုယ်ကိုယ်ကို သတ်သေသွားတဲ့ စစ်သား အရေအတွက်ဟာ ရုရှား တပ်ရင်းကြီး တစ်ရင်းစာ ကျော်လွန်နေတာ ဖြစ်ပါတယ်။

အမှန်တကယ် ကိုယ့်ကိုယ်ကို သတ်သေမှု အရေအတွက်ကို လျှော့ချထားတာ သေချာသလောက် ဖြစ်တယ်လို့ လေ့လာသူတွေ ပြောထားတဲ့ အဲဒီ အချက်အလက်တွေက ရုရှား စစ်တပ်မှာ တစ်ခါမှ မဖော်ပြခဲ့ဖူးတဲ့ အချက်အလက်တွေဖြစ်ပါတယ်။

ရုရှား စစ်သားတွေကြား ကိုယ့်ကိုယ်ကို သတ်သေမှု တချို့ကို Guardian သတင်းဌာနက လွတ်လပ်စွာ အတည်ပြုထားနိုင်ကြောင်း နိုဝင်ဘာ ၂၄ ရက်မှာ ဖော်ပြထားပါတယ်။

စစ်သားတွေ ကိုယ့်ကိုယ်ကို သတ်သေမှုတွေဟာ စစ်ပွဲအများစုမှာ ကြုံတွေ့နေကျ အခြေအနေ ဖြစ်ပါတယ်။

၂၀၂၃ ခုနှစ်အတွင်း တာဝန် ထမ်းဆောင်နေရင်း ကိုယ့်ကိုယ်ကို သတ်သေခဲ့တဲ့ အမေရိကန် စစ်သား ၁၅၆ ဦးထက်မနည်း ရှိကြောင်း New York Times သတင်းဌာနရဲ့ စုံစမ်းစစ်ဆေးမှု တစ်ရပ်မှာ တွေ့ရှိထားပါတယ်။

ဒါပေမဲ့ ရုရှား စစ်တပ်မှာ အဲဒီ ပြဿနာဟာ စစ်သား အချင်းချင်းနဲ့ တပ်မှူးတွေရဲ့ ပြင်းထန်တဲ့ ဖိအားပေးမှုကြောင့် ပိုဆိုးရွားလာနေတယ်လို့ စစ်ဖက်ဆိုင်ရာ လေ့လာသူတွေက ပြောပါတယ်။

ဒါ့အပြင် အရမ်း အန္တရာယ်များလွန်းတဲ့ တိုက်ခိုက်ရေး အစီအစဉ်တွေအတွက် စေလွှတ်ခံရမှာကိုလည်း ရုရှား စစ်သားတွေကြား ကြောက်ရွံ့စိတ်တွေ ရှိနေပါတယ်။

စာချုပ်တွေ ချုပ်ထားရတာကြောင့် စစ်သားတွေအနေနဲ့ စစ်ပွဲက ထွက်ဖို့ နည်းလမ်းလည်း မရှိတဲ့အတွက် စိတ်ဓာတ်ကျနေသူတွေလည်း ရှိနေပါတယ်။

စစ်သားတွေ ရှေ့တိုးတိုက်ခိုက်ဖို့ ရုရှား စစ်တပ်က အသုံးပြုနေတဲ့ ခြိမ်းခြောက် အကြပ်ကိုင်တဲ့ နည်းလမ်းတွေ အများကြီး ရှိနေကြောင်း နိုင်ငံခြားမူဝါဒ သုတေသန အင်စတီကျု အကြီးတန်း အဖွဲ့ဝင် ရော့ဘ် လီက ပြောပါတယ်။

ဘီလာရု့ဇ် အတိုက်အခံတွေနဲ့ ဆက်နွယ်နေတဲ့ ဟက်ကာ အဖွဲ့ Cyber Partisans နဲ့ ယူကရိန်း ဟက်ကာ အစုအဖွဲ့ Silent Crow တို့ ရယူခဲ့တဲ့ သေစာရင်း ၁၁ သန်းမှာ ကိုယ့်ကိုယ်ကို သတ်သေတဲ့ ရုရှား စစ်သား အရေအတွက် ပါဝင်လာတာ ဖြစ်ပါတယ်။

စစ်တပ်တွင်း ကိုယ့်ကိုယ်ကို သတ်သေမှုနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ကရင်မလင် နန်းတော်က လူသိရှင်ကြား မဖော်ပြဘဲ သေဆုံးမှု အရေအတွက်ကို နိုင်ငံတော် လျှို့ဝှက်ချက်အဖြစ် သတ်မှတ်ထားပါတယ်။

Guardian သတင်းဌာနက စစ်ဆေးဖော်ထုတ်ထားတဲ့ စစ်မှုထမ်းတွေ ကိုယ့်ကိုယ်ကို သတ်သေမှု ၁၀၈၇ ထဲက အနည်းဆုံး ၆၁၄ မှုဟာ သိမ်းပိုက်ထားတဲ့ ယူကရိန်း ဒေသတွေ ဒါမှမဟုတ် နယ်ချင်း ထိစပ်နေတဲ့ ရုရှားဒေသတွေမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

ကိုယ့်ကိုယ်ကို သတ်သေမှု ထက်ဝက်ကျော်မှာ လက်နက် ခဲယမ်းတွေ ပါဝင်နေပြီး အထူးသဖြင့် ရှေ့တန်း စစ်မျက်နှာတွေ အနီးမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

စစ်ပွဲဇုန်အတွင်း ဖြစ်ပွားခဲ့တဲ့ ကိုယ်ကိုယ်ကို သေဆုံးမှုတွေထဲက ၄၃ ဦးဟာ အသက် ၁၈ နှစ်နဲ့ ၁၉ နှစ်အရွယ် စစ်သားတွေ ဖြစ်ပါတယ်။

Ref:TheGuardian

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.