KNU သထုံခရိုင် ဥက္ကဋ္ဌအဖြစ် ပဒိုစောအေးနိုင် ရွေးချယ်ခံရ

သထုံ၊ နိုဝင်ဘာ ၂၄

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) သထုံခရိုင် ဥက္ကဋ္ဌအဖြစ် ပဒိုစောအေးနိုင် ရွေးကောက်တင်မြှောက်ခံခဲ့ရတယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။

KNU သထုံခရိုင်ရဲ့ ၁၃ ကြိမ်မြောက် ခရိုင်အဆင့်ကွန်ဂရက်ကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၄ ရက်ကနေ ၁၇ ရက်နေ့အထိ ၄ ရက်ကြာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

အဲဒီကွန်ဂရက်မှာ သထုံခရိုင် ဥက္ကဋ္ဌအဖြစ် အတွင်းရေးမှူး တာဝန်ထမ်းဆောင်ခဲ့တဲ့ ပဒိုစောအေးနိုင် ရွေးချယ်ခံခဲ့ရပြီး ခရိုင် ဒုတိယဥက္ကဋ္ဌအဖြစ် တပ်မဟာမှူး ဗိုလ်မှူးချုပ် စောစိုးမြင့်ထွေး ရွေးချယ်ခံခဲ့ရတာ ဖြစ်ပါတယ်။

ခရိုင်တရားသူကြီးအဖြစ် အရင် ဥက္ကဋ္ဌဟောင်း ပဒိုစောစိုးမြင့်၊ အတွင်းရေးမှူးအဖြစ် ပဒိုစောသီဟဗလ၊ တွဲဖက်အတွင်းရေးမှူးအဖြစ် ပဒိုစောကော်သဘလေးတို့ ရွေးချယ်ခံရပါတယ်။

ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရတဲ့ ပဒိုစောအေးနိုင်ဟာ အရင်က KNU သထုံခရိုင် ဆက်ဆံရေး တာဝန်ခံနဲ့ ပြောရေးဆိုခွင့်ရှိသူအဖြစ် တာဝန်ထမ်းဖူးပါတယ်။

KNU သထုံခရိုင် ဥက္ကဋ္ဌ အပြောင်းအလဲ ဖြစ်ပေါ်သွားပေမယ့် စစ်ရေး၊နိုင်ငံရေး ရပ်တည်ချက် ကြီးကြီးမားမား ပြောင်းလဲမှု ဖြစ်မနိုင်ဘူးလို့ ကရင့်နိုင်ငံရေး လေ့လာသုံးသပ်သူတွေက ဆိုပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) သထုံခရိုင်အုပ်ချုပ်နယ်မြေဟာ မွန်ပြည်နယ်က ကျိုက်ထို၊ ဘီးလင်း၊ သထုံ၊ ပေါင်မြို့နယ်နဲ့ ကရင်ပြည်နယ် ဘားအံမြို့နယ်က ကျေးရွာတချို့ ပါဝင်ပါတယ်။

KNU သထုံခရိုင် အုပ်ချုပ်နယ်မြေဖြစ်တဲ့ ကျိုက်ထိုမြို့နယ်မှာတော့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၃ ရက်နေ့ကစလို့ အာဏာသိမ်း စစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တို့အကြား နှစ်ဖက်တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.