ကျိုက်ထို၊ နိုဝင်ဘာ ၂၅
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်မှာ တိုက်ပွဲပြီးနောက် အာဏာသိမ်း စစ်တပ် စစ်ကြောင်းပြန်ဆုတ်စဉ် သေဆုံးသွားတဲ့ စစ်သားတွေကို စွန့်ပစ်သွားခဲ့ပြီး ကနဦးအနေနဲ့ အလောင်း ခုနှစ်လောင်း တွေ့ရှိထားတယ်လို့ တော်လှန်ရေး သတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
အာဏာသိမ်း စစ်တပ်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၃ ရက်နေ့ကနေ နိုဝင်ဘာ ၂၀ ရက်အထိ ကျိုက်ထိုမြို့နယ်မှာ အင်အား ၁၂၀၀ ကျော် အသုံးပြုပြီး အထူးစစ်ဆင်ရေး တစ်ရပ် ဖော်ဆောင်ခဲ့ပါတယ်။
အချိန် သုံးပတ်နီးပါး ကြာမြင့်ခဲ့တဲ့ အဲဒီစစ်ဆင်ရေးအတွင်း နှစ်ဖက်တိုက်ပွဲ အကြိမ် ၄၀ ထက်မနည်း ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က လေကြောင်းနဲ့အပြင်းအထန် တိုက်ခိုက်မှုတွေလည်း လုပ်ဆောင်ခဲ့ပါတယ်။
ကျိုက်ထိုမြို့နယ်မှာ စစ်ကြောင်းပြန်ဆုတ်ပြီးနောက် နိုဝင်ဘာ ၂၂ ရက်နေ့က တော်လှန်ရေးတပ်ဖွဲ့တွေ နယ်မြေရှင်းလင်းရေး လုပ်ဆောင်စဉ် ကော်ကပ်ကျေးရွာနဲ့ ဝါးဘိုးချောင်းကျေးရွာကြားမှာ စွန့်ပစ်သွားတဲ့ စစ်သားအလောင်း ခုနှစ်လောင်း တွေ့ရှိခဲ့ပါတယ်။
ကျိုက်ထိုစစ်ဆင်ရေးမှာ အာဏာသိမ်း စစ်တပ်ဘက်က ကျေးရွာ ၁၅ ရွာထက်မနည်း တစ်ရွာဝင် တစ်ရွာထွက် စစ်ကြောင်းထိုးခဲ့တာ ဖြစ်ပြီး တိုက်ပွဲအတွင်း PDF ရဲဘော် ခုနှစ်ဦး သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
ဒါ့အပြင် ကျိုက်ထိုစစ်ဆင်ရေးမှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG အထူးတိုင်းစစ်ဌာနချုပ်အပါအဝင် KNU တပ်စခန်းတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့ စခန်း ၂၈ ခုအထိ သိမ်းပိုက်ရရှိခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
တော်လှန်ရေးသတင်းရင်းမြစ်တွေရဲ့ အဆိုအရ ကျိုက်ထိုတိုက်ပွဲအတွင်း စစ်တပ်ဘက်က အနည်းဆုံး ၄၀ ထက်မနည်း သေဆုံးတာ ရှိပြီး ဒဏ်ရာရသူ ဆယ်နဲ့ချီ ရှိနေတယ်လို့ ဆိုပါတယ်။
အာဏာသိမ်း စစ်တပ်ဟာ ကျိုက်ထိုမြို့နယ်ကနေ စစ်ကြောင်းပြန်ဆုတ်စဉ် နိုဝင်ဘာ ၁၈ ရက်နေ့က နတ်စင်ကျေးရွာနဲ့ ကျောက်ဖျာကျေးရွာက နေအိမ် ၁၀၀ ကျော် မီးရှို့ဖျက်ဆီးခဲ့ပြီး ကျေးရွာအတွင်းရှိ တန်ဖိုးရှိ ပစ္စည်း အများအပြား ယူဆောင်သွားပါတယ်။
ကျိုက်ထို တိုက်ပွဲတွေကြောင့် ကညင်အိုင် ၊ ခမောက်ခွေ၊ ကော်ကပ်၊ ကျောက်ဖျာ၊ မိုးဘောနတ်စင်၊ ချောင်းစောင့်နဲ့ ဇီးပြောင်းကျေးရွာတွေအပါအဝင် ကျေးရွာပေါင်း ၁၅ ရွာလောက်က ဒေသခံ ၁၅၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ဒေသခံအများစု နေရပ်မပြန်နိုင်သေးပါဘူး။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-KNU

