ပလမြို့အနီးမှာ ခရီးသည်ကားပစ်ခံရပြီး ကားသမားသေဆုံး

ပုလော၊ နိုဝင်ဘာ ၂၅

တနင်္သာရီတိုင်း ပုလောမြို့နယ် ပလမြို့အနီး သင်္ကန်းတောနဲ့ကဒဲရွာကြား မြိတ်-ထားဝယ်ကားလမ်းပေါ်မှာ ခရီးသည်ကား တစ်စီး ပစ်ခတ်ခံရတာကြောင့် ကားသမား သေဆုံးခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပစ်ခတ်ခံရပြီး သေဆုံးသွားတဲ့သူဟာ ရွှေဝယ်ဟိဏ်းယာဉ်လိုင်းလုပ်ငန်းက အသက် ၃၃ နှစ်အရွယ် ကားသမား ကိုအာကာ ဖြစ်ပြီး နိုဝင်ဘာ ၂၃ ရက်နေ့ မနက် ၉ နာရီခန့်က ဖြစ်စဉ်နေရာမှာ ကားပျက်လို့ ပြင်နေစဉ် ပစ်ခတ်ခံခဲ့ရတာပါ။

သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် ကားသမား ကိုအာကာဟာ ဦးခေါင်း ကျည်ထိမှန်ဒဏ်ရာရရှိပြီး အခင်းဖြစ်ရာ နေရာမှာပဲ သေဆုံးခဲ့ပါတယ်။

ဒေသခံတွေရဲ့ ပြောပြချက်အရ ကိုအာကာ မောင်းနှင်းလာတဲ့ ကားဟာ မြိတ်-ထားဝယ်ကားလမ်းပေါ်မှာ ကားပျက်လို့ တခြားကားသမားတွေနဲ့အတူ ပြင်နေစဉ် သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရပြီး တခြားကားသမားတွေတော့ လွတ်မြောက်သွားပါတယ်။

ပစ်ခတ်မှုဖြစ်ပွားတဲ့နေရာအနီးမှာ အာဏာသိမ်း စစ်တပ်အပြင် တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေလည်း စစ်ရေးလှုပ်ရှားတာ ဖြစ်ပြီး ဘယ်အဖွဲ့က ပစ်ခတ်တယ်ဆိုတာ အတည်မပြုနိုင်သေးပါဘူး။

မြိတ်-ထားဝယ်ကားလမ်းပိုင်းမှာ အခုရက်ပိုင်းအတွင်း တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေပြီး နှစ်ဖက် ထိခိုက်သေဆုံးမှုတွေလည်း ရှိနေပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.