ရုရှား နျူကလီးယား ဂြိုဟ်တု သတင်းတွေ ထွက်လာပြီးနောက် အာကာသ အန္တရာယ်ကို ကာကွယ်မယ်လို့ နေတိုး အကြီးအကဲ ကြွေးကြော်

ဘာလင် ၊ နိုဝင်ဘာ ၂၄

ရုရှားက နျူကလီးယား လက်နက် တပ်ဆင်ထားတဲ့ ဂြိုဟ်တု လွှတ်တင်ဖို့ ပြင်ဆင်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပြီးနောက် အာကာသထဲရှိ အန္တရာယ် မှန်သမျှကို မိမိတို့ မဟာမိတ်အဖွဲ့က ကာကွယ်တားဆီးသွားမှာ ဖြစ်ကြောင်း နေတိုး အဖွဲ့ အကြီးအကဲ မက်ခ် ရူသီက ပြောလိုက်ပါတယ်။

လာမယ့် ရက်ပေါင်း ၆၀ အတွင်း ဂြိုဟ်တု လွှတ်တင်နိုင်တယ်ဆိုတဲ့ ထောက်လှမ်းရေး သတင်းတွေကို အခုလ နေတိုး အဖွဲ့ဝင်နိုင်ငံတွေကြား ဝေမျှနေကြကြောင်း ဂျာမန် မီဒီယာတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

အဲဒီ သတင်းကို ဘယ်နိုင်ငံက စတင် ဖော်ပြခဲ့သလဲ ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။

သတင်းတွေနဲ့ ပတ်သက်လို့ မေးမြန်းချိန်မှာ အကြီးအကဲ ရူသီက နေတိုး အဖွဲ့ နယ်မြေ တစ်လက်မစီတိုင်းကို ကာကွယ်နိုင်ဖို့ အမြဲတမ်း သေချာအောင် လုပ်ဆောင်ထားတယ်လို့ တုံ့ပြန်ပါတယ်။

အာကာသ လက်နက်တွေနဲ့ ပတ်သက်လို့လည်း မိမိတို့ အန္တရာယ် ကင်းရှင်းရေး သေချာစေအောင် လုပ်ဆောင်ထားတယ်လို့ သူက ပြောပါတယ်။

ကရင်မလင် နန်းတော် ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စကော့ဗ်က သတင်းတွေကို သူ မမြင်တွေ့ ရသေးပေမယ့် သတင်းရင်းမြစ် ဖော်ပြထားတာမရှိတဲ့ သတင်းတွေဟာ အလေးအနက်ထားဖို့ မတန်တဲ့ သတင်းတွေ ဖြစ်တယ်လို့ ပြောကြားပြီး ပယ်ချထားပါတယ်။

ဘာလင်ရှိ ရုရှား သံရုံးက အခြေအမြစ် မရှိတဲ့ စွပ်စွဲချက်တွေကို ပယ်ချပြီး ဒီသတင်းတွေဟာ ဝါဒဖြန့်မှု အစီအစဉ် တစ်စိတ်တစ်ပိုင်း ဖြစ်တယ်လို့ ပြောပါတယ်။

ဘာလင်မြို့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ရူသီက နေတိုး အဖွဲ့မှာ တုံ့ပြန်မယ့် နည်းလမ်း အမျိုးမျိုး ရှိတယ်လို့ ပြောထားပါတယ်။

အမည်ဖော်မထားတဲ့ ဂျာမနီ စစ်ဖက်ဆိုင်ရာနဲ့ ထောက်လှမ်းရေး သတင်းရင်းမြစ်တွေကို ကိုးကားပြီး အဆိုပါ သတင်းတွေကို ရုပ်သံလိုင်းတွေ ဖြစ်တဲ့ NDR နဲ့ WDR နဲ့ Sueddeutsche Zeitung သတင်းစာတို့က ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

အဲဒီ ရုရှား ဂြိုဟ်တုကို Sputnik-S လို့ နာမည် ပေးထားပြီး နျူကလီးယား ထိပ်ဖူး တပ်ဆင်ထားတယ်လို့ ဖော်ပြထားပါတယ်။

နျူကလီးယား လက်နက် တပ်ဆင်ထားတဲ့ အဲဒီ ဂြိုဟ်တုကို အရေးပါတဲ့ ဆက်သွယ်မှုတွေနဲ့ လေ့လာရေး ဂြိုဟ်တုတွေ အပါအဝင် တခြား ဂြိုဟ်တုတွေကို အနှောင့်အယှက် ပေးဖို့နဲ့ ဖျက်ဆီးပစ်ဖို့ အသုံးချနိုင်ပါတယ်။

ဂျာမနီ အဓိပဓိ ဖရက်ဒရစ် မားဇ်က ရုရှားရဲ့ အစီအစဉ်တွေနဲ့ ပတ်သက်တဲ့ သတင်းတွေကို အတည်မပြုသလို ငြင်းပယ်တာမျိုးလည်း မလုပ်ပေမယ့် ရုရှား လုပ်ဆောင်နေတဲ့ အတိုင်းအတာက သူတို့ လုပ်မယ့် ကိစ္စကို ကြိုတင် ပြင်ဆင်နေကြောင်း ဖော်ပြနေတာ ဖြစ်တယ်လို့ ပြောပါတယ်။

ရုရှားဟာ ဂြိုဟ်ပတ်လမ်းကနေ အစုလိုက်အပြုံလိုက် ထိခိုက် ပျက်စီးစေတဲ့ လက်နက်တွေကို တားမြစ်ထားတဲ့ ၁၉၆၇ ပြင်ပ အာကာသဆိုင်ရာ သဘောတူညီမှုကို လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံ ဖြစ်ပါတယ်။

အမေရိကန်နဲ့ တရုတ် အပါအဝင် တခြား နိုင်ငံတွေက အာကာသမှာ အခြားလက်နက်တွေ ချထားဖို့ စီစဉ်တာနဲ့ ချထားတာတွေ လုပ်ထားပါတယ်။

ရုရှားက အာကာသ အခြေစိုက် ဂြိုဟ်တုဖျက် နျူကလီးယား ထိပ်ဖူးတပ် လက်နက် တီထွင်ထားတယ်လို့ ၂၀၂၄ ခုနှစ် အတွင်း အမေရိကန်က စွပ်စွဲခဲ့ပေမယ့် မော်စကိုက ပယ်ချခဲ့ပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.