ဖာပွန်မှာ ဝတ်ပြုနေချိန် ခရစ်ယာန်ဘုရားကျောင်း လေကြောင်းဗုံးကြဲခံရ

ဖာပွန်၊ နိုဝင်ဘာ ၂၅

ကရင်ပြည်နယ် ဖာပွန်ခရိုင် နော်ယိုထာကျေးရွာရှိ ခရစ်ယာန်ဘုရားကျောင်း လေကြောင်းဗုံးကြဲခံရတာကြောင့် အမျိုးသမီး တစ်ဦး သေဆုံးပြီး ခြောက်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ဗဟိုစစ်ဌာနချုပ်က သတင်းထုတ်ပြန်ပါတယ်။

အာဏာသိမ်း စစ်တပ်ဟာ မနေ့ နိုဝင်ဘာ ၂၄ ရက်နေ့ မနက် ၁၀ နာရီအချိန်လောက်မှာ နော်ယိုထာကျေးရွာရှိ ခရစ်ယာန်ဘုရားကျောင်းကို လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ် ပြုလုပ်ခဲ့ပြီး ဗုံးလေးလုံး ကြဲချခဲ့သလို စက်သေနတ်တွေနဲ့ပါ ပစ်ခတ်သွားပါတယ်။

လေကြောင်းဗုံးကြဲချိန်ဟာ ခရစ်ယာန်ဘာသာဝင်တွေ ရွာဘုရားရှိခိုးကျောင်းသို့ တက်ရောက်ဝတ်ပြုကိုးကွယ်နေတဲ့ အချိန်ဖြစ်ပြီး ဘုရားရှိခိုးကျောင်းဝင်းအတွင်း ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲမှု ဖြစ်တယ်လို့ KNLA ဗဟိုစစ်ဌာနချုပ်က ဆိုပါတယ်။

လေကြောင်းဗုံးကြဲခံရတာကြောင့် အသက် ၇၀ အရွယ် နော်ငါးထူး သေဆုံးပြီး အမျိုးသား လေးဦးနဲ့ အမျိုးသမီး နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ဒါ့အပြင် ဝတ်ပြုကိုးကွယ်ဆောင်၊ထမင်းစားဆောင်၊ ကျောင်းသူကျောင်းသားဘော်ဒါဆောင် အပါအဝင် နေအိမ် ရှစ်လုံးနဲ့ ဆိုင်ကယ် နှစ်စီး၊ မီးစက် တစ်လုံး၊ စပါးကျီ နှစ်လုံး ထိမှန်ပျက်စီးခဲ့ပါတယ်။

အာဏာသိမ်း စစ်တပ်ဟာ စစ်ရေးပစ်မှတ်မဟုတ်တဲ့ ဘာသာရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ အဆောက်အအုံတွေ၊ စစ်ဘေးရှောင်နေရာတွေနဲ့ ကျေးရွာတွေကို နေ့စဉ်လေကြောင်းဗုံးကြဲမှုတွေ တိုးမြှင့်လုပ်ဆောင်နေတာကြောင့် အရပ်သားပြည်သူတွေရဲ့ ဘဝလုံခြုံမှု အလွန်စိုးရိမ်ဖွယ်ရာ အဆင့်သို့ ရောက်ရှိလာတယ်လို့ KNLA ဗဟိုစစ်ဌာနချုပ်က အသိပေးထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.