ကွာလာလမ်ပူ ၊ နိုဝင်ဘာ ၂၅
တရုတ်ဟာ အမေရိကန်လုပ်ငန်းတွေနဲ့ မလေးရှားက နည်းပညာဆိုင်ရာ စီစဉ်မှုတွေမှာ ဘယ်တုန်းကမှ ကြားဝင် မရှုပ်ခဲ့သလို အမေရိကန်နဲ့ ရင်းနှီးနေတာ အတွက်လည်း စိုးရိမ်ကြောင်း ဘယ်တုန်းကမှ မဖော်ပြခဲ့ဘူးလို့
မလေးရှား ဝန်ကြီးချုပ် အန်ဝါ အေဘရာဟင်က ပြောပါတယ်။
တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ မတွေ့ခင် ရှန်ကျန်းမြို့မှာ South China Morning Post သတင်းဌာနနဲ့ ပြုလုပ်ခဲ့တဲ့ တွေ့ဆုံမေးမြန်းမှုအတွင်း ဝန်ကြီးချုပ် အန်ဝါက ဘေဂျင်းဟာ ဝါရှင်တန်ထက် ဆက်ဆံရ ပိုလွယ်ကူတယ်လို့ ပြောဆိုခဲ့တာပါ။
ဒါပေမဲ့ မိမိရဲ့ မလေးရှား အစိုးရအနေနဲ့ တစ်ဖက်ဖက်ကို တိမ်းညွတ်မှာ မဟုတ်ကြောင်းလည်း အန်ဝါက ဆိုပါတယ်။
မလေးရှားနဲ့ တခြား အာရှ သုံးနိုင်ငံကို အဆင့်မြင့် ဉာဏ်ရည်တု နည်းပညာ ချစ်ပ်တွေ တင်ပို့လိုက်ရင် အဲဒီ နိုင်ငံတွေမှာ အခြေစိုက်တဲ့ တရုတ် ဒေတာစင်တာတွေက အသုံးပြုမှာကို စိုးရိမ်တာကြောင့် အမေရိကန်ကတင်းပို့မှု တားမြစ်ကြောင်း ပြီးခဲ့တဲ့ သီတင်းပတ်မှာ ကြေညာခဲ့ပါတယ်။
ဒီလို ကြေညာမှုနဲ့အတူ စူပါ အင်အားကြီး နှစ်နိုင်ငံကြား မလေးရှားက နှစ်ဖက်ခွ ဗျူဟာ သုံးနေတယ်ဆိုတဲ့ ပြောဆိုမှုတွေကို အများက ပြန်လည် အာရုံစိုက်လာကြပါတယ်။
အမေရိကန်ရဲ့ ကြေညာချက်က ဒေတာ စင်တာတွေအတွက် ဒေသဆိုင်ရာ စုရပ် အဖြစ် မလေးရှားရဲ့ ဖွံ့ဖြိုးကြီးထွားမှုကို အငွေ့ပျံသွားစေနိုင်ပါတယ်။
မလေးရှားဟာ အဲဒီ လုပ်ငန်း နယ်ပယ်ကနေ ၂၀၂၁ ခုနှစ်နောက်ပိုင်း ရင်းနှီးမြှုပ်နှံမှုတွေအဖြစ် အမေရိကန် ဒေါ်လာ ၁၀၀ ဘီလီယံနီးနီး ရရှိနေတာ ဖြစ်ပါတယ်။
ပူးတွဲ လုပ်ကိုင်တာနဲ့ ကိုယ်တိုင် လုပ်ကိုင်တဲ့ လုပ်ငန်းတွေကနေတဆင့် Nvidia နဲ့ Google ကုမ္ပဏီတို့ရဲ့ ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှုတွေနဲ့အတူ မလေးရှားဟာ တရုတ် ပိုင်ဆိုင်တဲ့ ဒေတာစင်တာတွေ အများကြီး စုဝေးနေတဲ့ နိုင်ငံ ဖြစ်လာပါတယ်။
တခြား ရင်းနှီးမြှုပ်နှံမှုတွေ အပါအဝင် ဒေတာ စင်တာတွေနဲ့ သန့်ရှင်းတဲ့ စွမ်းအင် စီမံကိန်းတွေ တည်ဆောက်ရေး Google ကုမ္ပဏီက ဒေါ်လာ ၁၅ ဘီလီယံ တန်ဖိုးရှိတဲ့ ၂၀၂၇ -၂၈ ရင်းနှီးမြှုပ်နှံရေး အစီအစဉ်ကို နိုဝင်ဘာ ၄ ရက်မှာ ကြေညာခဲ့ပါတယ်။
ရှန်ကျန်းမြို့မှာ ကျင်းပတဲ့ အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ ခေါင်းဆောင်များ အစည်းအဝေးပြီးနောက် ပြောကြားရာမှာ ဝန်ကြီးချုပ် အန်ဝါက သူ့နိုင်ငံဟာ တရုတ် လိုလားတဲ့ နိုင်ငံအဖြစ် မကြာခဏ ပုံဖော်ခံရကြောင်း အသိအမှတ်ပြု ါတယ်။
ပြီးခဲ့တဲ့နှစ်က ကွာလာလမ်ပူ ခရီးစဉ်အတွင်း အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က အဲဒီ ကိစ္စကို ပြောဆိုခဲ့တယ်လို့ အန်ဝါက ပြောပါတယ်။
မိမိအနေနဲ့ ရိုးရိုးသားသား ပြောရရင် တရုတ်နဲ့ ဆက်ဆံရတာ ပိုလွယ်ကူတာ သေချာကြောင်း အန်ဝါက ဆိုတာပါ။
တရုတ်ဟာ မိမိတို့ရဲ့ အိမ်နီးချင်းတွေ ဖြစ်ပြီး သူတို့ရဲ့ ယဉ်ကျေးမှုနဲ့ မိမိတို့ ပိုမို ရင်းနီးမှု ရှိတယ်လို့ သူက ပြောပါတယ်။
တရုတ် သမ္မတ ရှီကျင့်ဖျင် သို့မဟုတ် ဝန်ကြီးချုပ် လီကီကျန်းနဲ့ တွေ့ဆုံချိန်တွေမှာ သူတို့က အချိန်ယူပြီး မိမိတို့စိုးရိမ်မှု တချို့ကို နားထောင်ပေးသလို နားလည်ပေးဖို့ အလေးထားပေးဖို့ ကြိုးပမ်းနေတယ်လို့လည်း ဆိုပါတယ်။
တရုတ်နဲ့ အရမ်း ဆက်ဆံရေး ကောင်းနေပေမယ့် အမေရိကန်နဲ့ ဆက်ဆံရေးကို ဆက်လက် တည်တံ့အောင် လုပ်ဆောင်သွားမှာ ဖြစ်ကြောင်းလည်း အန်ဝါက ထုတ်ဖော်ပြောဆိုပါတယ်။
မလေးရှားဟာ တရုတ် ဦးဆောင်တဲ့ AI နည်းပညာ အုပ်ချုပ်ရေး မဟာမိတ် အဖွဲ့ ဖြစ်တဲ့ ကမ္ဘာ့ ဉာဏ်ရည်တု နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ Waico သို့ ဝင်ရောက်ထားတဲ့ အာဆီယံ အဖွဲ့ဝင် ၇ နိုင်ငံထဲမှာ မလေးရှား ပါဝင်နေပါတယ်။
Ref:SouthChinaMorningPost

