နိုင်ငံတော် သစ္စာဖောက်မှုနဲ့ အင်ဒိုနီးရှား ရဲချုပ်ဟောင်း စွဲချက်တင်ခံရ

ဂျကာတာ၊ နိုဝင်ဘာ ၂၅

သမ္မတ ပရာဘိုဝို ဆူဘီယန်တိုရဲ့ အစိုးရအပေါ် လူထု ယုံကြည်မှု အားနည်းအောင် လုပ်ဆောင်ဖို့ ရည်ရွယ်တယ်လို့ အာဏာပိုင်တွေက ပြောတဲ့ ဆက်သွယ်မှု တရားမဝင် ကြားဖြတ် နားထောင်မှု စွပ်စွဲချက် စုံစမ်း စစ်ဆေးမှုအတွင်း အင်ဒိုနီးရှား အစိုးရက ရဲချုပ်ဟောင်းကို နိုင်ငံတော် သစ္စာဖောက်မှုနဲ့ စွဲချက်တင်လိုက်ပါတယ်။

သမ္မတ ပရာဘိုဝိုအပြင် အစိုးရ အရာရှိတွေ၊ တက်ကြွ လှုပ်ရှားသူတွေ၊ ဂျာနယ်လစ်တွေ ဆက်သွယ်တဲ့ ဖုန်းလိုင်းတွေကို ခွင့်ပြုချက်မရှိဘဲ ကြားဖြတ်နားထောင်မှုမှာ အစိုးရ အရာရှိတွေ ပါဝင်တယ်ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်ပေါ်လာပြီးနောက် အခုလို စွဲချက်တွေထွက်ပေါ်လာတာပါ။

လောလောဆယ် သံသယရှိသူအဖြစ် အရာရှိ ၆ ဦးကို အမည်နဲ့တကွ ဖော်ပြထားပါတယ်။

သံသယ ရှိသူတွေထဲမှာ အရင်က သမ္မတ ဂျိုကို ဝီဒိုဒိုပြီးနောက် သမ္မတ ရာထူး ဆက်ခံခဲ့တဲ့ ပရာဘိုဝိုရဲ့ နိုင်ငံရေး မဟာမိတ်အဖြစ် လူသိများသူ ရဲမှူးချုပ်ဟောင်း လစ်ယို ဆီဂစ် ပရာဘိုဝိုလည်း ပါဝင်ကြောင်း အင်ဒိုနီးရှား ရဲတပ်ဖွဲ့ရဲ့ ရာဇဝတ်မှု စုံစမ်းစစ်ဆေးရေး အဖွဲ့ အကြီးအကဲ အေဆက်ပ် ဆာဖရူဒင်က ပြောပါတယ်။

သံသယ ရှိသူတွေက သမ္မတ ပရာဘိုဝိုရဲ့ အစိုးရအပေါ် လူထု ယုံကြည်မှု လျော့နည်းလာအောင် လုပ်ဆောင်ပြီး ရဲမှူးချုပ် ရာထူးကို ထိန်းသိမ်းပြီးတော့ နိုင်ငံတော် အပေါ် သစ္စာဖောက်ဖို့ ကြိုတင်ပြင်ဆင်ခဲ့သလို လုပ်ဆောင်ဖို့ သဘောတူခဲ့တယ်လို့ အေဆက်ပ်က ဆိုပါတယ်။

အင်ဒိုနီးရှားမှာ နိုင်ငံတော် သစ္စာဖောက်မှုနဲ့ စွဲချက်တင်တာက ကြုံတောင့်ကြုံခဲ ဖြစ်ပြီး အမြင့်ဆုံး ပြစ်ဒဏ်အနေနဲ့ သေဒဏ်အထိ ရင်ဆိုင်ရနိုင်ကြောင်း ဥပဒေ သတ်မှတ်ချက်တွေမှာ ဖော်ပြထားပါတယ်။

အခုလ စောစောပိုင်းက ဖမ်းဆီးခံရတဲ့ လစ်ယိုက တခြား သံသယရှိသူတွေဆီက ကြားဖြတ် နားထောင်ထားတဲ့ အစီရင်ခံချက်တွေကို လက်ခံဖို့နဲ့ ညွှန်ကြားမှုတွေ ရှိနေတယ်လို့ ပြောထားကြောင်း အစိုးရက ထုတ်ပြန်ပါတယ်။

သံသယရှိသူတွေအနေနဲ့ ကြီးမားတဲ့ ဆန္ဒထုတ်ဖော်မှုတွေကို အသုံးချခဲ့သလားဆိုတာကိုပါ ဆက်လက် စုံစမ်းနေကြောင်း သိရပါတယ်။

ဆန္ဒပြပွဲတွေ ဖြစ်လာအောင် စည်းရုံးလုပ်ဆောင်တာ ရဲတပ်ဖွဲ့အပေါ် မလေးမစား ဖြစ်စေမယ့် လူမှုမီဒီယာ ဖော်ပြချက်တွေရဲ့ နောက်ကွယ်မှာ သံသယရှိသူတွေ ပါဝင်နေသလားဆိုတာကိုလည်း အင်ဒိုနီးရှား အစိုးရက စုံစမ်းစစ်ဆေးနေပါတယ်။

သံသယရှိသူတွေထဲက နှစ်ဦးကို ဂုဏ်သိက္ခာ ကင်းမဲ့မှုနဲ့ အခုလ စောစောပိုင်းက ရဲတပ်ဖွဲ့ ရာထူးကနေ ထုတ်ပယ်ထားပါတယ်။

လစ်ဆိုကို နိုဝင်ဘာ ၂၆ ရက်မှာ ကျင့်ဝတ်ဆိုင်ရာနဲ့ ပတ်သက်လို့ ရုံးတင် စစ်ဆေးဖို့ စီစဉ်ထားပါတယ်။

သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ပရာဆက်ယိုဟာဒီကလည်း မှတ်ချက်ပြုပေးဖို့ တောင်းဆိုမှုကို တုံ့ပြန်မှု မရှိပါဘူး။

လစ်ယိုအပေါ် စွပ်စွဲချက်တွေက ပရာဘိုဝိုနဲ့ သူ့အရင် သမ္မတ ဝီဒိုဒိုကြား တင်းမာမှုတွေနဲ့ ပတ်သက်လို့ အချေအတင် ပြောဆိုမှုတွေကို လောင်စာ ထည့်ပေးသလို ဖြစ်သွားပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.