ရုရှားက ယူကရိန်းထက် ပိုပြီး လိုချင်နေတယ်လို့ ဂျာမနီ အဓိပဓိ ပြော

ဘာလင်၊ နိုဝင်ဘာ ၂၆

ဥရောပ လုံခြုံရေးကို ရုရှားက အရှိန်မြှင့် ခြိမ်းခြောက်လာနေတယ်လို့ ဂျာမနီ အဓိပဓိ ဖရက်ဒရစ် မားဇ်က နိုဝင်ဘာ ၂၅ ရက်မှာ စွပ်စွဲလိုက်ပါတယ်။

ယူကရိန်းကို ဘဏ္ဍာရေး အကူအညီ ပေးမှု ဆက်လက် ထိန်းသိမ်းရေးနဲ့ ကာကွယ်ရေး အသုံးစရိတ် တိုးမြှင့်ရေး သူ့အစိုးရရဲ့ အစီအစဉ်တွေကို မားဇ်က ကာကွယ် ပြောဆိုထားပါတယ်။

နိုင်ငံတစ်ဝန်း သဘောထား စစ်တမ်းတွေမှာ ထိပ်ဆုံးမှာ ရပ်တည်နေတဲ့ လက်ယာစွန်း AfD ပါတီနဲ့ သဘောထား တင်းမာတဲ့ လက်ဝဲ Die Linke ပါတီတို့အပါအဝင် အတိုက်အခံ ပါတီတွေက ယူကရိန်းကို စစ်ရေး အကူအညီပေးမှု ဆုံးသတ်ရေး တောင်းဆိုထားကြပါတယ်။

ရုရှားက သူတို့ လိုချင်နေတာကို အတိအကျ သိထားပြီး ရုရှားဟာ ယူကရိန်းထက် ပိုမို လိုချင်နေတယ်လို့ အဓိပတိ မားဇ်က ၂၀၂၇ ဘက်ဂျက် မူကြမ်းနဲ့ ပတ်သက်လို့ ဆွေးနွေးမှုအတွင်း အောက်လွှတ်တော်ရှေ့မှောက် ပြောဆိုပါတယ်။

ရုရှားက ဘော်လ်တစ် ဒေသ၊ ပိုလန်၊ ပင်လယ်နက် ဒေသတွေမှာ အရှိန်တိုးမြှင့်နေပြီး အာကာသထဲမှာလည်း အရှိန်မြှင့်နေသလို လောလောဆယ် မိမိတို့နိုင်ငံမှာ ကြီးကြီးမားမား အရှိန်တိုးမြှင့်နေတယ်လို့ သူက ပြောပါတယ်။

မားဇ်ရဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ မှတ်ချက်ပြုပေးဖို့ ရိုက်တာ သတင်းဌာနက ရုရှား အစိုးရကို ဆက်စွယ်ခဲ့ပေမယ့် တုံ့ပြန်မှု မရှိဘူးလို့ ဆိုပါတယ်။

ရုရှားက နေတိုးအဖွဲ့နဲ့ စစ်ရေး ထိပ်တိုက်ရင်ဆိုင်ဖို့ ကြိုးပမ်းနေတာ မဟုတ်ဘူးလို့ အကြိမ်ကြိမ် ငြင်းချက်ထုတ်ထားပါတယ်။

ယူကရိန်းကို တိုက်ခိုက်နေတာက သူတို့ရဲ့ ကိုယ်ပိုင် နိုင်ငံတော် လုံခြုံရေးကို ကာကွယ်ဖို့အတွက် ရည်ရွယ်တာ ဖြစ်တယ်လို့ ကရင်မလင် နန်းတော်က ပြောပါတယ်။

လိုက်ပ်ဇစ်မြို့ လေဆိပ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖို့ ကြိုးပမ်းမှုအတွက် မားဇ်ရဲ့ အစိုးရက ရုရှားကို စက်တင်ဘာလအတွင်း အပြစ်တင်ခဲ့ပါတယ်။

ဒါက ဂျာမနီမှာ ရုရှား ဆန့်ကျင်ရေး စိတ်ခြောက်ခြားမှု လှိုင်းအသစ် တစ်ခုရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်တယ်လို့ ဘာလင်ရှိ ရုရှား သံရုံးက တုံ့ပြန်ကာ ပယ်ချထားပါတယ်။

ဂျာမနီနဲ့ တခြား ဥရောပနိုင်ငံတွေဟာ အရေးပါတဲ့ အခြေခံ အဆောက်အဦတွေကို ပစ်မှတ်ထားတဲ့ ဆိုက်ဘာ တိုက်ခိုက်မှုတွေ၊ အဖျက်အမှောင့် လုပ်ရပ်တွေကြောင့် ထိခိုက်ခဲ့ရပြီး အဲဒီ လုပ်ရပ်တွေဟာ ရုရှား လက်ချက် ဖြစ်တယ်လို့ မကြာခဏ အပြစ်တင်ခံခဲ့ရပါတယ်။

ယူကရိန်းကို ကာကွယ်ပေးတာဟာ ဂျာမနီကို ကာကွယ်ပေးနေတာ ဖြစ်တယ်လို့ မားဇ်က ပြောပါတယ်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်က ရုရှားရဲ့ ရာနှုန်းပြည့် ကျူးကျော် တိုက်ခိုက်မှု စတင်ပြီး နောက်ပိုင်း ဥရောပမှာ ဂျာမနီဟာ ယူကရိန်းကို စစ်ရေးအရ အများဆုံး ကူညီပေးနေတဲ့နိုင်ငံ ဖြစ်ပါတယ်။

ဒါပေမဲ့ စားဝတ်နေရေး ကုန်ကျစရိတ် ဖိအားတွေ များလာချိန်မှာ ဒီမူဝါဒ အတွက် လူထုထောက်ခံမှု လျော့နည်းလာနေပါတယ်။

ဂျာမနီနိုင်ငံသား ထက်ဝက်ကျော်ကျော်က ယူကရိန်းသို့ စစ်ရေး အကူအညီ ပေးမှုကို ဆန့်ကျင်ကြောင်း ပြီးခဲ့တဲ့ ရက်ပိုင်းက သဘောထား စစ်တမ်းမှာ ဖော်ပြထား ပါတယ်။

အတိုက်အခံ ပါတီတွေကတော့ အစိုးရဟာ ဂျာမနီ နိုင်ငံသားတွေ သက်သာအောင် လုပ်ဆောင်ဖို့ ပျက်ကွက်နေချိန်မှာပဲ ယူကရိန်းကို ထောက်ပံ့နေတယ်လို့ စွပ်စွဲထားပါတယ်။

လက်ရှိနဲ့ ၂၀၃၀ ကြား ဂျာမနီက ကာကွယ်ရေး အသုံးစရိတ် ဒေါ်လာ ၂၂၈ ဘီလီယံအထိ နှစ်ဆတိုး သုံးစွဲဖို့ စီစဉ်ထားပါတယ်။

နေတိုး အဖွဲ့သို့ ကတိပြုမှုနဲ့ အညီ ၂၀၃၀ မတိုင်ခင် နိုင်ငံထုတ်ကုန်တန်ဖိုးရဲ့ ၃ ဒသမ ၇ ရာခိုင်နှုန်းကို ကာကွယ်ရေးအတွက် သုံးဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.