ဂျကာတာ၊ နိုဝင်ဘာ ၂၆
အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားပြည်နယ်ရှိ တရားမဝင် ရွှေမိုင်းတွင်း မြေအောက်မှာ ပိတ်မိနေတဲ့ အလုပ်သမား ၁၃ ဦးကို ကယ်ဆယ်ရေးသမားတွေရဲ့ ရှာဖွေမှု နိုဝင်ဘာ ၂၆ ရက်မှာ ပြန်စမှာ ဖြစ်ပါတယ်။
အဲဒီ ဖြစ်ရပ်အတွင်း သေဆုံးသူ ၁၃ ဦးရှိကြောင်း အင်ဒိုနီးရှား ရဲတပ်ဖွဲ့နဲ့ ကယ်ဆယ်ရေး အရာရှိတွေက ပြောပါတယ်။
မြို့တော် ဂျကာတာ တောင်ဖက် ဘိုဂေါ် ဒေသမှာ နိုဝင်ဘာ ၂၃ ရက်က မိုးသည်းထန်စွာ ရွာသွန်းနေချိန် အဲဒီ မိုင်းတွင်းထဲ အလုပ်သမား ၂၆ ဦး ဝင်ရောက်သွားခဲ့တာပါ။
မြေအနေအထား မငြိမ်မသက်ဖြစ်ပြီးနောက် သူတို့ဟာ မြေအောက် မီတာ ၁၀၀ မှာ ပိတ်မိနေခဲ့တာ ဖြစ်ပါတယ်။
သေဆုံးသူ ၁၃ ဦး ရှိပြီး အဲဒီထဲက ၆ ဦးကို ဘယ်သူဘယ်ဝါ ဖြစ်ကြောင်း စစ်ဆေးထားပြီး ဖြစ်တယ်လို့ အနောက်ဂျာဗား ရဲမှူးချုပ် စန်ကီက ပြောပါတယ်။
ရာသီဥတု အခြေအနေ ဆိုးရွားနေပေမယ့် ရှာဖွေ ကယ်ဆယ်ရေး ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း သူက ဖြည့်စွက် ပြောဆိုပါတယ်။
ဝင်ရတဲ့ လမ်းကြောင်း ကျဉ်းမြောင်းနေပြီး မှောင်မိုက်နေတဲ့ အခြေအနေတွေ ရှိနေတာကြောင့် မိုင်းတွင်းထဲ ဝင်ရောက်ဖို့ အခက်အခဲ အများကြီးရှိနေတယ်လို့ အရာရှိတွေက ပြောပါတယ်။
မြေအောက် မီတာ ၁၀၀ ကျော်မှာ ပိတ်မိနေတဲ့ အလုပ်သမားတွေဆီ ရောက်ရှိရေး ကယ်ဆယ်ရေးလုပ်သားတွေက ကြိုးတွေသုံးပြီး ခက်ခက်ခဲခဲ ကြိုးပမ်းနေရတာ ဖြစ်ပါတယ်။
မိုင်းတွင်းနေရာဟာ အလှမ်းဝေးတဲ့ ဒေသမှာ တည်ရှိနေတာကြောင့် အာဏာပိုင်များ ဥပဒေစည်းကြပ်ဖို့ လက်လှမ်း မမီဘူးလို့ သိရပါတယ်။
အဲဒီ ဒေသမှာပဲ ဇန်နဝါရီလက တရားမဝင် ရွှေမိုင်းတွင်း တစ်ခုမှာ ကာဗွန်မိုနောက်ဆိုက်ဒ် အဆိပ် ဖြစ်မှုကြောင့် မိုင်းလုပ်သား အများအပြား သေဆုံးခဲ့ရပါတယ်။
ဒေသတွင်း ရွှေတူးဖော်ရေး မိုင်းတွင်းတွေကို လုပ်ကိုင်နေတဲ့ အစိုးရ မိုင်းတွင်း လုပ်ငန်း Antam က အဲဒီ ဖြစ်ရပ်ဟာ ခွင့်ပြုချက်မဲ့ မိုင်းတွင်းတစ်တွင်းမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး မိမိတို့ လုပ်ငန်းတွေထဲက တစ်ခု မဟုတ်ဘူးလို့ တုံ့ပြန်ထားပါတယ်။
Ref:Reuters

