ဘန်ကောက်၊ နိုဝင်ဘာ ၂၆
ထိုင်း-ကမ္ဘောဒီးယား နယ်စပ်တလျှောက် နယ်စပ် ခြံစည်းရိုးတွေ၊ စစ်သုံး ကတုတ်ကျင်းတွေနဲ့ တပ်သားတွေအတွက် ခိုလှုံရာ နေရာတွေ တည်ဆောက်ရေး ရန်ပုံငွေအတွက် ထိုင်းပြည်သူလူထု ထည့်ဝင် လှူဒါန်းမှု ငွေပမာဏ ၁၆၉ ဒသမ ၂၄ သန်း အထိ ရှိလာပြီး တချို့ စီမံကိန်းတွေ ပြီးစီးနေပြီ ဖြစ်ပါတယ်။
Chulabhorn Foundationက ကောက်ခံထားတဲ့ Hataitip Fund ရန်ပုံငွေ စီမံကိန်းက နိုဝင်ဘာ ၂၄ ရက်အထိ ကောက်ခံ ရရှိငွေဟာ စုစုပေါင်း ဘတ် ၂၆၉ သန်းကျော်အထိ ရရှိထားပြီ ဖြစ်ကြောင်း ကြေညာထားတာပါ။
အဲဒီ ငွေ ပမာဏထဲက ထိုင်း တော်ဝင်စစ်တပ်အတွက် ၅၁ ဒသမ ၈၁ သန်း၊ ထိုင်းတော်ဝင် လက်နက်ကိုင်တပ် ဌာနချုပ်အတွက် ဘတ် ၁၀၉ ဒဿမ ၅၄ သန်း သုံးစွဲဖို့ အပါအဝင် ဆောက်လုပ်ရေး စီးမံကိန်းတွေအတွက် ၁၆၁ ဒသမ ၃၅ သန်း ခွဲဝေချထားပါတယ်။
အဲဒီ ရန်ပုံငွေထဲက ဘတ် ၁၀၇ ဒသမ ၈၉ သန်း ကျန်နေဦးမှာ ဖြစ်ပါတယ်။
ချန်သာဘူရီခရိုင် ဖွန်နမ်ရွမ်ဒေသမှာ ထိုင်းတော်ဝင် လက်နက်ကိုင် တပ်ဖွဲ့များ ဌာနချုပ်က နယ်စပ် ခြံစည်းရိုး ၁ ဒသမ ၃၁ ကီလိုမီတာ အပိုင်းကို ကာရံထားပြီးပြီ ဖြစ်သလို နောက်ထပ် ၃ ဒသမ ၄၅ ကီလိုမီတာရှိတဲ့ ခြံစည်းရိုး တည်ဆောက်မှု ၉၆ ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်ပါတယ်။
နောက်ပိုင်း အဆင့် တစ်ခု အတွက် ၃ ဒသမ ၆၂ ကီလိုမီတာ ရှည်လျားတဲ့ ခြံစည်းရိုး ကာရံဖို့လည်း ထိုင်း စစ်တပ်က စီစဉ်ထားပါတယ်။
ဆောက်လုပ်ရေးပစ္စည်းတွေ၊ စက်ပစ္စည်းတွေ သယ်ယူပို့ဆောင်ရေး ၁ ဒသမ ၂၃ ကီလိုမီတာ ရှည်တဲ့ လမ်း အပါအဝင် ဒေသတွင်း ၉ ဒသမ ၆ ကီလိုမီတာ ရှည်တဲ့ လမ်းမတွေကိုလည်း ဌာနချုပ်က ပြီးစီးအောင် ဆောင်ရွက်ထားပြီး ဖြစ်ပါတယ်။
တခြား ၈ ဒသမ ၃၈ ကီလိုမီတာ ရှည်တဲ့ လမ်းမှာ ကင်းလှည့်လမ်းနဲ့ ကျောက်သား အကာအရံတွေ တည်ဆောက်ရေးလည်း နောက်ပိုင်း အစီအစဉ်ရှိကြောင်း သိရပါတယ်။
ခြံစည်းရိုး ကာရံမှုတွေ၊ လမ်းစီမံကိန်းတွေနဲ့အတူ လက်နက်ကိုင် တပ်ဖွဲ့တွေဟာနယ်စပ်တလျှောက် အရပ်သား ခိုလှုံရာ နေရာ ၅၀ နဲ့ စစ်သုံး ဗုံးခိုကျင်း ၄၂၈ ခု ပြီးစီးအောင် တည်ဆောက်ထားပြီး ဖြစ်ပါတယ်။
နယ်စပ် တပ်ဖွဲ့ဝင်တွေအတွက် ထိုင်း တော်ဝင် လက်နက်ကိုင် ဌာနချုပ်က တစ်ဦးချင်း ဗုံးခိုကျင်း ၁၀၀ တည်ဆောက်ပေးထားပါတယ်။
နယ်စပ်အနီး ဒေသတွေနဲ့ ဘုရားကျောင်းတွေ၊ စာသင်ကျောင်းတွေမှာ အရပ်သားတွေ ခိုလှုံလို့ရမယ့် နေရာ ၄၀ ဖန်တီးပေးထားပါတယ်။
သီးခြားအနေနဲ့ ထိုင်း တော်ဝင် စစ်တပ်က နှစ်ယောက် ခိုလှုံနိုင်တဲ့ ဗုံးခိုကျင်း ၃၂၈ ခုကို စစ်ဖက်ဆိုင်ရာ အခြေစိုက်စခန်းတွေမှာ တည်ဆောက်ပေးထားပြီး အန္တရာယ်ရှိတယ်လို့ မှတ်ယူရတဲ့ ဒေသတွေရှိ အရပ်သားတွေအတွက် ခိုလှုံရာနေရာ ၁၀ ခု ဖန်တီး ပေးထားပါတယ်။
ဗုံးခိုကျင်း၊ ခိုလှုံရာနေရာ ၄၇၈ ခု စလုံးပြီးစီးပြီ ဖြစ်ပြီး ဖြစ်ကြောင်း ရန်ပုံငွေ ရှာဖွေရေး အဖွဲ့ရဲ့ နောက်ဆုံး အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
Hataitip Fund အဖွဲ့က ပါဝင်လှူဒါန်းသူများအား ကျေးဇူးတင်ကြောင်း ဖော်ပြထားပြီး ဆက်လက် ပါဝင် လှူဒါန်းမှုတွေကို လက်ခံသွားမှာ ဖြစ်ကြောင်း ကြေညာထား ပါတယ်။
Ref:Thethaiger

