မော်လမြိုင် ၊ အောက်တိုဘာ ၂၅
မွန်ပြည်နယ်ရဲ့ မြို့နယ်အများစုမှာ အခုရက်ပိုင်းကစလို့ သီတင်းကျွတ် ပွဲတော်ကာလ ပွဲလမ်းသဘင်တွေနဲ့အတူ လောင်းကစားဝိုင်းတွေ ပြန်လည်ကျင်းပနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
လောင်းကစားဝိုင်းတွေဟာ ပြီးခဲ့တဲ့ မိုးတွင်းကာလက ပွဲလမ်းသဘင်တွေနဲ့အတူ နားထားပေမယ့် အခိုင်အမာ ရုံတွေနဲ့ ရှိနေပြီး လက်ရှိမှာတော့ အများပြည်သူ သွားလာလည်ပတ်တဲ့ ပွဲလမ်းသဘင်တွေမှာ ပြန်လည်ထည့်သွင်း ကျင်းပနေတာပါ။
လောင်းကစားဝိုင်းတွေ တားဆီးပိတ်ပင်ဖို့ မွန်ပြည်နယ် လွှတ်တော်မှာ အဆိုအောင်ထားပေမယ့် လောင်းကစားဝိုင်းတွေ ပြန်လည်ကျင်းပမှုဟာ လွှတ်တော်ကို မထီမဲ့မြင့် ပြုတာ ဖြစ်တယ်လို့ ဒေသခံတွေအကြား ဝေဖန်မှုတွေ ရှိနေတာ ဖြစ်ပါတယ်။
ဘီးလင်းဒေသခံ တစ်ဦးကတော့ သီတင်းကျွတ် ပွဲတော်ကို အကြောင်းပြပြီး အဆိုတော်တွေ၊ တီးဝိုင်းတွေ၊ ဇာတ်ပွဲတွေကို ခေါ်ယူကာ လောင်းကစားဝိုင်းတွေ ပြုလုပ်နေပြီး လွှတ်တော်မှာ အဆိုအောင်ပေမယ့် အောက်ခြေမှာတော့ မအောင်ဘူးလို့ ဝေဖန်ပါတယ်။
“သူတို့က အဆိုတော်တွေခေါ် တီးဝိုင်းတွေခေါ် ဇာတ်ပွဲတွေခေါ် အစုံပါတယ်၊အာဝါဒေး အံဂလုံးပါတယ်၊ ကြက်ဝိုင်းပါတယ်၊ ဖဲဝိုင်းပါတယ်၊ လွှတ်တော်မှာ အဆို အောင်တာပဲ၊ အောက်မှာက မအောင်ဘူး၊ နောက်ဆို ပိုဆိုးတော့မှာပေါ့”လို့ ဆိုပါတယ်။
လောင်းကစားဝိုင်း ပိတ်ပင်ဖို့ အဆိုအောင်ထားပေမယ့် အောက်ခြေကနေ အထက်အဆင့်ဆင့် အခကြေးငွေ ယူပြီး ခွင့်ပြုထားတဲ့အတွက် လောင်းကစားဝိုင်း ပပျောက်ဖို့အတွက်ဆိုရင် အကုန်လုံးကို အရေးယူမှ ရမယ်လို့ သူက ဆက်ပြောပါတယ်။
ရေးဒေသခံ တစ်ဦးကလည်း လောင်းကစားဝိုင်းတွေကြောင့် ဘဝပျက်တာတွေအပြင် မလိုလားအပ်တဲ့ ကိစ္စတွေ ဖြစ်ပေမယ့် အခုလို ခွင့်ပြုတဲ့အပေါ် နားလည်တဲ့သူတွေက ဝိုင်းဖြေရှင်း ပေးသင့်ပြီး လောင်းကစားဝိုင်း ပိတ်ပင်ရေး အဆိုနဲ့တော့ ဘာမှ ဖြစ်လာမှာ မဟုတ်ဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ဒီလောင်းကစားနဲ့ ဘဝ ပျက်ကြတယ်၊ ဘဝပျက်တော့ မလိုလားအပ်တဲ့ ကိစ္စတွေ ဖြစ်တယ်၊ လိမ်လည်မှုတွေ ဖြစ်တယ်၊ အများကြီးပေါ့။လောင်းကစားနဲ့ ဆက်နွယ်နေတဲ့ ကိစ္စတွေပေါ့၊ ဒါက အများကြီး နားလည်တဲ့ သူတွေက ဝိုင်းပြီးတော့ ဖြေရှင်းရင်တော့ ပိုထိရောက်မယ် ထင်တယ်။ဒီလောက် အဆိုလေးနဲ့တော့ ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး”လို့ ဆိုပါတယ်။
နာမည်ဆိုးနဲ့ ကျော်ကြားနေတဲ့ လောင်းကစားဝိုင်းတွေ ပိတ်သိမ်းရေး အဆိုကိုတော့ ပြီးခဲ့တဲ့ ဇွန် ၁၉ ရက်နေ့က ကျင်းပတဲ့ မွန်ပြည်နယ် လွှတ်တော်မှာ ကန့်ကွက်သူမရှိ အတည်ပြုထားပါတယ်။
စစ်တပ် အသွင်ပြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ရဲ့ လူမှုရေးဝန်ကြီး ဦးတင်ဇော်ထွန်းကလည်း ဒေသတွင်းမှာ လောင်းကစားဝိုင်းတွေ မရှိစေရေးနဲ့ ဖမ်းဆီးအရေးယူမှု အရှိန်မြှင့်ဆောင်ရွက်သွားမယ်လို့ လွှတ်တော်မှာ ကတိပြုထားပါတယ်။
လွှတ်တော်က လောင်းကစားဝိုင်းတွေ ပိတ်သိမ်းရေးအဆိုကို အတည်ပြုထားပေမယ့် မြေပြင်မှာတော့ လောင်းကစားရုံတွေ အခိုင်အမာ တည်ဆောက်ပြီး ဆက်လက်လုပ်ကိုင်နေသလို လက်ရှိမှာလည်း ပွဲတော်တွေကို အကြောင်းပြပြီး လောင်းကစားဝိုင်းတွေ ပြန်လည်ထည့်သွင်း ကျင်းပလာပါတယ်။
မွန်ပြည်နယ်မှာတော့ လောင်းကစားဝိုင်းတွေဟာ ပြီးခဲ့တဲ့ အစိုးရ အဆက်ဆက် တရားဝင်သဖွယ် လုပ်ဆောင်ခွင့် မပြုခဲ့ပေမယ့် စစ်တပ် အာဏာသိမ်း ပြီးနောက် စစ်အစိုးရခန့် ဝန်ကြီးချုပ် လက်ထက် အဆက်ဆက်မှာတော့ တရားဝင် သဖွယ် ရက်ရှည်လများ ပွဲလမ်းသဘင်တွေနဲ့ အကြီးအကျယ် ခွင့်ပြုထားတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

