ဖာပွန်၊ အောက်တိုဘာ ၂၆
ကရင်ပြည်နယ် ဖာပွန်မြို့နယ် မယ်နုထာကျေးရွာကို အာဏာသိမ်း စစ်တပ်ရဲ့လေကြောင်းဗုံးကြဲမှုကြောင့် ကလေးငယ် တစ်ဦး သေဆုံးပြီး သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ နယ်မြေခံသတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
မနေ့ အောက်တိုဘာ ၂၅ ရက်နေ့ မနက် ၁ နာရီအချိန်လောက်မှာ တောင်ငူလေတပ်က တက်လာတဲ့ ဂျက်ဖိုက်လေယာဉ် တစ်စီးကနေ တိုက်ပွဲမရှိဘဲ မယ်နုထာကျေးရွာကို လေကြောင်းကနေ ဗုံး လေးလုံး ကြဲချသွားတာပါ။
လေကြောင်းဗုံးကြဲမှုကြောင့် အသက် ၃ နှစ်အရွယ် ကလေးငယ်တစ်ဦးဟာ နေရာမှာတင် သေဆုံးခဲ့ပြီး ဖခင်ဖြစ်သူ အသက် ၄၀ ဝန်းကျင်အရွယ် အမျိုးသားတစ်ဦးနဲ့ အမျိုးသမီး နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
လေကြောင်းဗုံးကြဲမှုအတွင်း နေအိမ် လေးလုံးထက်မနည်း ပျက်စီးခဲ့ပြီး ကျေးရွာနေ ပြည်သူတွေဟာ ဘေးလွတ်ရာ နေရာတွေကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ထပ်မံ ပြုလုပ်လာနိုင်တဲ့ အခြေအနေကြောင့် မယ်နုထာရွာ အနီးဝန်းကျင်နဲ့ သံလွင်မြစ်နံဘေးတစ်လျှောက်ရှိ ကျေးရွာနေ ပြည်သူတွေအနေနဲ့ နေ့ရောညပါ သတိနဲ့နေထိုင်ကြဖို့ သတိပေးတာတွေ ရှိနေပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၆ ရက်နေ့ကလည်း ဖာပွန်မြို့နယ် ထော်မဲ့ထာကျေးရွာမှာ စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲမှုကြောင့် အရပ်သားပြည်သူ နှစ်ဦး သေဆုံးပြီး နေအိမ် ငါးလုံး ပျက်စီးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်

