မော်လမြိုင်၊ အောက်တိုဘာ ၂၆
မွန်ပြည်နယ် မော်လမြိုင်မြို့အတွင်းရှိ နေအိမ်အဆာက်အအုံတွေနဲ့ ခြံစည်းရိုးတွေကို ဆေးသုတ်ဖို့ စစ်တပ် အသွင်းပြောင်း အစိုးရ လက်အောက်ခံ မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ညွှန်ကြားလာပါတယ်။
နေအိမ်တွေ ဆေးသုတ်ရာမှာ မိမိနှစ်သက်တဲ့ အရောင်တွေ သုတ်နိုင်ပေမယ့် ခြံစည်းရိုးတိုင်ကို မီးခိုးရောင်၊ ခြံစည်းရိုး အကာမျက်နှာပြင်ကို အဝါနုရောင်သုတ်ဖို့ ညွှန်ကြားထားတာပါ။
နေအိမ်နဲ့ ခြံစည်းရိုးတွေ ဆေးသုတ်ဖို့ ညွှန်ကြားရတာဟာ မြို့တော်အင်္ဂါရပ်နဲ့ညီညွှတ်စေရေးဖို့၊ မြို့တော် သန့်ရှင်းသာယာလှပစေဖို့ ဖြစ်တယ်လို့ စည်ပင်က ဆိုထားပါတယ်။
ဒါ့အပြင် မိမိနေအိမ်ရှေ့ မျက်နှာစာနဲ့လမ်းနယ်နိမိတ်အတွင်း မြက်သန့်ရှင်းရေး ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးကြဖို့နဲ့ ဒီလုပ်ငန်းစဉ်တွေကို နိုဝင်ဘာ ၂၈ ရက်နေ့ နောက်ဆုံးဆောင်ရွက်ကြဖို့ ညွှန်ကြားထားပါတယ်။
ကုန်ဈေးနှုန်းတွေ အဆမတန်မြင့်တက်နေချိန်မှာ နေအိမ်နဲ့ခြံစည်းရိုးတွေ ဆေးသုတ်ဖို့ ညွှန်ကြားမှုအပေါ် မြို့ခံပြည်သူတွေအကြား ဝေဖန်မှုတွေ ရှိနေပါတယ်။
စစ်အစိုးရခန့် မွန်ပြည်နယ် ဝန်ကြီးချုပ် ဗိုလ်မှူးချုပ် အောင်ဝင်းသန်းကတော့ သူလက်ထက်မှာ မော်လမြိုင်မြို့ကို Smart City ဖြစ်အောင် လုပ်ဆောင်သွားမယ်လို့ ကြွေးကြော်ထားပါတယ်။
မြို့ခံတွေကတော့ Smart City မလုပ်ခင်မှာ အမှိုက်သိမ်းကား ပုံမှန်လာပေးဖို့၊ ရေနဲ့လျှပ်စစ်မီးသာ မှန်မှန်ပေးနိုင်အောင် အရင်ဆုံးလုပ်ဆောင်ပေးကြဖို့ တိုက်တွန်းတာပါ။
သတင်း – သံလွင်တိုင်းမ်

