ထားဝယ်ဒေသမှာ ဝမ်းရောဂါနဲ့ အရေပြားရောဂါဖြစ်ပွားနေ

ထားဝယ်၊ အောက်တိုဘာ ၂၇

ရေကြီးမှုနဲ့ မြေပြိုမှုဒဏ်ကို အဆိုးရွားဆုံး ခံစားခဲ့ရတဲ့ ထားဝယ်ခရိုင်အတွင်းက မြို့နယ်တွေမှာ နောက်ဆက်တွဲအဖြစ် ဝမ်းပျက်ဝမ်းလျောရောဂါနဲ့ အရေပြားရောဂါတွေ ဖြစ်ပွားနေတယ်လို့ ဒေသတွင်း သုတေသနအဖွဲ့ဖြစ်တဲ့ FE 5 Thanintharyi အဖွဲ့ထံက သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း ထားဝယ်ခရိုင်မှာ ဖြစ်ပွားခဲ့တဲ့ ရေကြီးမှုနဲ့ မြေပြိုမှုကို အဆိုးရွာဆုံး ကြုံတွေ့ခဲ့တဲ့ လောင်းလုံးမြို့နယ် ကျေးရွာတွေက ဒေသခံတွေမှာ ဝမ်းရောဂါနဲ့ အရေပြားရောဂါတွေ ဖြစ်ပွားနေတာပါ။

မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရေကြီးတာအပြင် တောင်ပြို မြေပြိုမှုတွေ ဖြစ်ပွားခဲ့တဲ့ ထားဝယ်ခရိုင်အတွင်းရှိ ကျေးရွာအများစုမှာ လမ်းတံတားတွေ ပျက်စီးတာ သန့်ရှင်းတဲ့ သောက်သုံးရေ မရရှိတာ‌တွေကြောင့် ဝမ်းရောဂါတွေ ဖြစ်ပွား နေတယ်လို့ ဆိုပါတယ်။

မြေပြိုမှုဒဏ်ကို အဆိုးရွားဆုံး ခံစားခဲ့ရတဲ့ လောင်းလုံးမြို့နယ်က ကျေးရွာတချို့မှာ တစ်ရွာလျှင် ၁၀ ဦးလောက် ဝမ်းပျက်ဝမ်းလျှောတာနဲ့ အရေးပြားရောဂါ စတင် ဖြစ်ပွားနေတယ်လို့ FE5 Thanintharyi တာဝန်ရှိသူ တစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

လက်ရှိ ဖြစ်ပွားနေတဲ့ ဝမ်းပျက်ဝမ်းလျှော ရောဂါနဲ့ အရေပြားရာဂါကို ကုသဖို့အတွက် လမ်းခရီးအခက်အခဲတွေကြောင့် ဆေးဝါး အခက်အခဲ ရှိနေတယ်လို့ သူကဆက် ပြောပါတယ်။

တစ်ဖက်မှာလည်း မြေပြိုမှုကြောင့် ပျက်စီးခဲ့တဲ့ လမိးတံတားတွေကို ပြန်လည်ပြုပြင်တာအပြင် ကျေးရွာတွေမှာ သန့်ရှင်းတဲ့ သောက်သုံးရေရရှိဖို့အတွက် ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေ အဆက်မပြတ် လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၅ ရက်နေ့ကစပြီး စက်တင်ဘ ၂၉ ရက်နေ့အထိ ရေကြီးတာနဲ့ မြေပြိုမှုကြောင့် ထားဝယ်ခရိုင်အတွင်းမှာ အရပ်သားပြည်သူ ၄၀ ကျော် အသက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.