နေပြည်တော် ၊ အောက်တိုဘာ ၂၇
အာဆီယံနဲ့ ကုလသမဂ္ဂရဲ့ နိုင်ငံရေးအရ တရားဝင် အသိအမှတ်ပြုမှုကို ရရှိဖို့ ကြိုးပမ်းနေတဲ့ စစ်အစိုးရအနေနဲ့ အမေရိကန်အစိုးရနဲ့ စေ့စပ်ဆက်ဆံလာတဲ့အပေါ် တရုတ်အစိုးရရဲ့ ရပ်တည်ချက် ပြောင်းလဲလာနိုင်မလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာနေပါတယ်။
စစ်အစိုးရရဲ့ ကိုယ်တိုင်ခန့် သမ္မတ ဦးမင်းအောင်လှိုင်က အာဏာသိမ်းမှု ၅ နှစ်တာအတွင်း စစ်ခေါင်းဆောင်တွေနဲ့ စစ်အုပ်စု အပေါင်းအပါတွေကို ဒဏ်ခတ်ပိတ်ဆို့မှုတွေပြုလုပ်ခဲ့တဲ့ အမေရိကန်အစိုးရနဲ့ သံတမန်ရေးအရ ထိတွေ့ဆက်ဆံနိုင်မယ့် လမ်းကြောင်းတွေကို ကြိုးပမ်းလာနေတာပါ။
ပြီးခဲ့တဲ့ စက်တင်ဘာလယ်မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထောက်လှမ်းရေးနဲ့ သုတေသနဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ်ဗန့်စ်က နေပြည်တော်ကို သွားရောက်ပြီး ဖမ်းဆီးခံထားရတဲ့ အမေရိကန်နိုင်ငံသား စီးပွားရေးလုပ်ငန်းရှင်တစ်ဦး ပြန်လည်လွတ်မြောက်ဖို့ ညှိနှိုင်းပေးခဲ့ပါတယ်။
အဲဒီခရီးစဉ်မှာ ဦးမင်းအောင်လှိုင်နဲ့ တိုက်ရိုက်တွေ့ဆုံခဲ့ကြတာ ရှိပြီး အဲဒီနောက်ပိုင်း အောက်တိုဘာ ပထမပတ်အတွင်း ဂျပန်နိုင်ငံ တိုကျိုမြို့မှာ နှစ်ဘက် တာဝန်ရှိသူတွေ ဒုတိယကြိမ် လျှို့ဝှက်တွေ့ဆုံဆွေးနွေးမှုတစ်ခု ပြုလုပ်ခဲ့တယ်လို့ ရိုက်တာသတင်းက ဖော်ပြထားတာပါ။
ဒါပေမယ့် မြန်မာစစ်အစိုးရရော အမေရိကန်အစိုးရဘက်ကပါ အဲဒီတွေ့ဆုံဆွေးနွေးမှုတွေနဲ့ပတ်သက်ပြီး တရားဝင် သတင်းထုတ်ပြန်တာ လူသိရှင်ကြား ထုတ်ဖော်ပြောဆိုတာတွေ တစ်စုံတစ်ရာ မရှိသေးပါဘူး။
လက်ရှိမှာ စစ်အစိုးရအဖြစ် ဖွဲ့စည်းပြီး ခြောက်လကျော်ကြာလာပေမယ့် နိုင်ငံရေး၊စီးပွားရေး စတဲ့ ကဏ္ဍပေါင်းစုံ အကျပ်အတည်းဆိုက်နေမှုအပေါ် မဖြေရှင်းနိုင်သေးသလို တိုင်းပြည်ကလည်း မတည်ငြိမ်သေးတဲ့အပြင် တောက်လောင်နေဆဲဖြစ်တဲ့ ပြည်တွင်းစစ်မီးကိုလည်း မငြှိမ်းသတ်နိုင်သေးပါဘူး။
စစ်အစိုးရဘက်က ဖြစ်ပေါ်တိုးတက်မှုတွေ လုပ်ဆောင်နိုင်ခြင်းမရှိသေးတဲ့ အခြေအနေမှာ ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ တိုင်းရင်းသားဒေသတွေမှာ အများဆုံးရှိနေတဲ့ တရုတ်ရဲ့ မဟာဗျူဟာမြောက် စီမံကိန်းတွေ ရှေ့မဆက်နိုင်သေးသလို နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေလည်း ဆက်ရှိနေပါတယ်။
ဒီအခြေအနေမှာ စစ်အစိုးရက အမေရိကန်နဲ့ ထိတွေ့ဆက်ဆံတဲ့အပေါ် တရုတ်က သဘောကျပုံမရဘဲ လိုချင်တဲ့ ပုံစံအတိုင်း မြန်မာ့နိုင်ငံရေးကို ကစားမှာဖြစ်တယ်လို့ ကျောင်းသားခေါင်းဆောင်ဟောင်း ကိုမင်းသွေးသစ်က သံလွင်တိုင်းမ်ကို ပြောပါတယ်။
“နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးပြီးတော့ ရက်ပိုင်းအတွင်းမှာ တရုတ်က သူ့နယ်စပ်မှာ ဖွင့်ထားတဲ့ ကုန်ပစ္စည်းတွေ ပြန်ပြီးလွှတ်ပေးတယ်။ ကုန်စည်စီးဆင်းမှုတွေ လုပ်ပေးတာ ကျွန်တော်တို့ တွေ့ရတယ်။ ဒါကဘာလဲဆိုရင် နေပြည်တော် မင်းအောင်လှိုင်အစိုးရအနေနဲ့ အမေရိကန်နဲ့ ထိတွေ့တဲ့အပေါ် တရုတ်အနေနဲ့ သဘောကျပုံမရဘူး။ အဲဒီအတွက် သူကလည်း သူလိုချင်တဲ့ ပုံစံအတိုင်း ကျွန်တော်တို့ နိုင်ငံရဲ့ နိုင်ငံရေးကို ကစားမှာပဲဖြစ်တယ်။ အဲဒီတော့ ဘာပဲဖြစ်ဖြစ် သူ့ကလစ်တွေ သူ့ဂျိတ်တွေရှိတယ်။ ဒါနဲ့ပဲ ကျွန်တော်တို့ ပြန်လှုပ်နိုင်ခြေရှိတယ်”လို့ ဆိုပါတယ်။
ဒါကြောင့် မြန်မာ့အရေးပေါ် ကမ္ဘာ့အင်အားကြီး နိုင်ငံတွေရဲ့ မူဝါဒ အပြောင်းအလဲကို ကြည့်ပြီး တော်လှန်ရေးအတွက် ဘယ်လိုအကျိုးတွေ သက်ရောက်နိုင်မယ် ဘယ်လိုအကျိုးတွေ ရယူနိုင်မလဲဆိုတာ တော်လှန်ရေးဦးဆောင်သူတွေက ချင့်တွယ်သင့်တယ်လို့ သူက ထောက်ပြပါတယ်။
တစ်ဖက်မှာ အမေရိကန်အစိုးရရဲ့ အဆင့်မြင့်ကိုယ်စားလှယ်နဲ့ စစ်အစိုးရ ကိုယ်စားလှယ်တို့ ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ တွေ့ဆုံမှု မတိုင်ခင်နဲ့ တွေ့ဆုံမှုအပြီးမှာ နိပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ယိုဟေး ဆာဆာကာဝါက နေပြည်တော်ကို ခပ်စိပ်စိပ် ခြေလှမ်းလာနေပါတယ်။
အထူးသဖြင့် မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ တတ်နိုင်တဲ့ဘက်က ကူညီကြိုးပမ်းဆောင်ရွက်ပေးသွားဖို့ ကိုယ်တိုင်ခန့် သမ္မတ ဦးမင်းအောင်လှိုင်နဲ့ တွေ့ဆုံဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။
၂၀၂၁ အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ မြန်မာ့အရေးနဲ့ပတ်သက်ပြီး တရုတ်အစိုးရက နယ်စပ်တည်ငြိမ်ရေး၊ လုံခြုံရေး နဲ့ မဟာဗျူဟာမြောက် စီမံကိန်းတွေကို အကာအကွယ်ပေးရေးအတွက် စစ်တပ်ကို ဗဟိုပြုစဉ်းစားတဲ့ ချဉ်းကပ်ပုံနဲ့ ရပ်တည်ပေးထားတာပါ။
တရုတ်အစိုးရရဲ့ အာရှရေးရာအထူးကိုယ်စားလှယ် တိန့်ရှီကျွင်းက စစ်တပ်ပြိုကျပြီး အနောက်နိုင်ငံတွေနဲ့ နီးစပ်တဲ့ NUG နဲ့ PDF အုပ်စုတွေ အနိုင်ရသွားမှာကို တရုတ်က လုံးဝ လက်ခံမှာ မဟုတ်ဘူးလို့ ၂၀၂၄ ခုနှစ် ဩဂုတ်နှောင်းပိုင်းမှာ UWSA ခေါင်းဆောင်တွေနဲ့ တွေ့ဆုံချိန်မှာ သတိပေးပြောဆိုခဲ့ဖူးပါတယ်။
ဒီအတွက် စစ်တပ်အရှိုက်ကို ထိုးနှက်နိုင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ တစ်ခန်းရပ်ခဲ့ရပြီး MNDAA နဲ့ TNLA တို့လည်း သိမ်းပိုက်နယ်မြေတချို့ လက်လွှတ်ခဲ့ရသလို စစ်တပ်နဲ့လည်း အပစ်ခတ်ရပ်စဲထားရာကနေ လက်ရှိ စစ်အစိုးရနဲ့ ဆွေးနွေးဖက် ဖြစ်လာခဲ့တာပါ။
ဒီအခြေအနေတွေကြောင့် စစ်တပ်အနေနဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ နွေဦးတော်လှန်ရေးအရှိန်ကြောင့် လဲပြိုလုမတတ် ဖြစ်ခဲ့ရပေမယ့် တရုတ်အစိုးရရဲ့ ကျားကန်ပေးမှုနဲ့ စစ်အစိုးရအဖြစ် အသွင်ပြောင်းလာနိုင်ခဲ့တာ ဖြစ်ပါတယ်။
နိုင်ငံတကာအသိအမှတ်ပြုမှုရဖို့ ကြိုတင်ကန့်သတ်ချက်မထားဘဲ ဖိတ်ခေါ်ထားတဲ့ စစ်အစိုးရရဲ့ ငြိမ်းချမ်းရေးကလည်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို ဖယ်ကျဉ်ပြီး စစ်တပ်နဲ့ ပလဲနံသင့်တဲ့ တိုင်းရင်းသားအဖွဲ့တွေ၊ တိုက်ပွဲမဖြစ်တဲ့ အဖွဲ့တွေကိုသာ ဆွေးနွေးထားနိုင်တာပါ။
အဲဒီငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ မြောက်ပိုင်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ ‘ဝ’အဖွဲ့ ၊ မိုင်းလားအဖွဲ့၊ ကိုးကန့်အဖွဲ့နဲ့ တအာင်းအဖွဲ့တို့ဟာ ပြည်နယ်ရရှိရေးအပါအဝင် အဆင့်မြင့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ အထူးဒေသ တည်ထောင်ရေးတို့ကို တောင်းဆိုခဲ့ကြပါတယ်။
ဒါပေမယ့် စစ်အစိုးရဘက်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တွေနဲ့သာ တုံ့ပြန်လေ့ရှိသလို ဦးမင်းအောင်လှိုင်ကလည်း တိုင်းရင်းသားအဖွဲ့တွေ ငြိမ်းချမ်းရေးရယူပြီးတဲ့အခါ နိုင်ငံရေးပါတီထောင်တာ၊ စီးပွားရေးလုပ်တာနဲ့ နယ်ခြားစောင့်တပ်အဖြစ် တာဝန်ထမ်းဆောင်လို့ရတယ်လို့ အရင်ကတည်းက ပြောကြားထားတာပါ။
ပြီးခဲ့တဲ့ NCA နှစ်ပတ်လည် အခမ်းအနားမှာ တရုတ်အစိုးရရဲ့ အာရှရေးရာအထူးကိုယ်စားလှယ် တိန့်ရှီကျွင်းက တိုင်းရင်းသားလူနည်းစုတွေအတွက် အဆင့်မြင့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပုံစံတွေ ရှာဖွေဖို့ Video မိန့်ခွန်းကနေ လူသိရှင်ကြား ထုတ်ပြောခဲ့ပါတယ်။
ဒီအပေါ် စစ်အစိုးရနဲ့ စစ်ဗိုလ်ချုပ်တွေက သဘောမတွေ့ဘူးဆိုတဲ့ သတင်းစကားတွေ ကြားနေရသလို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပေးထားချက်တွေထက် ကျော်လွန်နေတဲ့အတွက် တရုတ်အစိုးရက မြန်မာ့အရေးကို ဝင်ရောက်စွက်ဖက်နေတယ်ဆိုတဲ့ ရှုမြင်မှုတွေ ရှိနေတာပါ။
ဒီအခြေအနေမှာ စစ်အစိုးရက အမေရိကန်အစိုးရနဲ့ စေ့စပ်ဆွေးနွေးမှုတွေ ရှိနေတဲ့အပေါ် တရုတ်အစိုးရရဲ့ အမျက်ရှမှုကို ခံရနိုင်ပြီး ရှမ်းမြောက်မှာ တစ်ကျော့ပြန် တိုက်ပွဲဖြစ်လာနိုင်တယ်ဆိုတဲ့ သုံးသပ်မှုတွေလည်း ရှိနေပြန်ပါတယ်။
ဒါပေမယ့် CDM ဗိုလ်ကြီး ဇင်ယော်ကတော့ တရုတ်အစိုးရကပဲ စီမံနေတာဖြစ်လို့ စစ်အစိုးရက အမေရိကန်နဲ့ ဆက်ဆံတာဟာ တရုတ်အစိုးရရဲ့ သဘောတူခွင့်ပြုချက်အနေအထားမျိုးလို့ ထောက်လှမ်းရရှိကြောင်း သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ဖြစ်စဉ်ကြီးတစ်ခုလုံးကို ကြည့်မယ်ဆိုရင် တရုတ်ရဲ့ အလိုကျအတိုင်းပဲသွားတာ။ မကျေနပ်တာတွေ ကျေနပ်တာတွေ ရုပ်ပြတွေနဲ့ ဆွဲထားတာပေ့ါ။ ဒါကလည်း တစ်ဖက်မှာ တရုတ်ရာဇဝတ်ဂိုဏ်းတွေကို (ကျားဖြန့်ဂိုဏ်း) တရုတ်အစိုးရကလည်း နှိပ်နင်းချင်နေတာ။ အဲဒီမှာ အမေရိကန်ကနေ ဝင်ပြီးတော့ နှိပ်နင်းမယ်ဆိုတော့ နိုင်ငံရေးအရ မြန်မာနဲ့ တရုတ် အခြေအနေ တင်းတင်းဖြစ်လာလို့ အမေရိကန်က ဝင်လာတယ်ဆိုတဲ့ နိုင်ငံရေးလှည့်စားမှုတစ်ခုလောက်လို့ပဲ ကျွန်တော်တို့က ယူဆတယ်”လို့ ဆိုပါတယ်။
အကြောင်းကတော့ တရုတ်အစိုးရကိုယ်တိုင် မနှိပ်နင်းနိုင်တဲ့ ထိုင်း-မြန်မာနယ်စပ်မှာ အခြေစိုက်လှုပ်ရှားနေတဲ့ ကျားဖြန့်ဂိုဏ်းတွေကို အမေရိကန်အစိုးရက ဝင်ရောက်ဖြေရှင်းမှာကို တစ်ဖက်လက်နဲ့ လက်ခံလိုက်တဲ့ အနေအထားမျိုးလို့ သူက ထောက်ပြပါတယ်။
ဒါ့အပြင် တရုတ်အစိုးရရဲ့ ဩဇာလွှမ်းမိုးမှုရှိတဲ့ ရှမ်းမြောက်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ စစ်တပ်တို့ကြား တစ်ကျော့ပြန်တိုက်ပွဲ ဖြစ်လာနိုင်တဲ့အခြေအနေ အလွန်နည်းပြီး တိုင်းရင်းသားအချင်းချင်းသာ တိုက်ပွဲဖြစ်သွားနိုင်တယ်လို့ CDM ဗိုလ်ကြီး ဇင်ယော်က သုံးသပ်ပါတယ်။
တရုတ်နိုင်ငံအနေနဲ့ ဆွေးနွေးပွဲတွေကတစ်ဆင့် တိုင်းရင်းသားအချင်းချင်း ငြိမ်းချမ်းရေး၊ ပြန်လည်သင့်မြတ်ရေးနဲ့ လူမှုသဟဇာတဖြစ်ရေးတို့ကို ဖော်ဆောင်ဖို့ မျှော်လင့်ကြောင်းနဲ့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ဆက်လက်ပါဝင်ဖို့ အသင့်ရှိတယ်လို့ အသိပေးထားတာပါ။
ရှမ်းမြောက်မှာ မိမိဒေသကို ထိန်းချုပ်ရေးနဲ့ ကျားဖြန့်လိမ်လည်မှုတိုက်ဖျက်ရေးအတွက် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်နေ့မှာ စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးကြောင့် မြန်မာ့အရေးမှာ နယ်စပ်တည်ငြိမ်ရေးအကြောင်းပြပြီး ကြားဝင်ညှိနှိုင်းမှုခေါင်းစဉ်နဲ့ တရုတ်အစိုးရက ဝင်ရောက်လာတာ ဖြစ်ပါတယ်။
သုံးနှစ်ပြည့်တော့မယ် အဲဒီစစ်ဆင်ရေးရဲ့ ရည်ရွယ်ချက်ထဲမှာ မြန်မာလူထုတစ်ရပ်လုံး လိုလားတဲ့ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေးဆိုတဲ့အချက်ကို ထည့်သွင်းထားပေမယ့် ဦးဆောင်တဲ့အဖွဲ့တွေကို တရုတ်အစိုးရက ဖိအားပေးမှုကြောင့် ရည်ရွယ်ချက် မပြည့်မြောက်ခဲ့ပါဘူး။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

