ရွှေကျင်မှာ လေကြောင်းဗုံးကြဲခံရလို့ အရပ်သားနှစ်ဦး သေဆုံး၊ ခြောက်ဦး ဒဏ်ရာရ

ရွှေကျင်၊ အောက်တိုဘာ၂၇

ပဲခူတိုင်း ရွှေကျင်မြို့နယ် အင်းကျိုက်ကျေးရွာမှာ တိုက်ပွဲမရှိဘဲ အာဏာသိမ်း စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲမှုကြောင့် အရပ်သားပြည်သူ နှစ်ဦး သေဆုံးပြီး ခြောက်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုက အောက်တိုဘာ ၂၆ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၂ ရက်နေ့ မနက် ၁၀ နာရီအချိန်လောက်မှာ အာဏာသိမ်း စစ်တပ်ရဲ့ ဂျက်ဖိုက်တာ လေယာဉ် နှစ်စီးဟာ တိုက်ပွဲမရှိဘဲ အင်းကျိုက်ကျေးရွာထဲကို လေကြောင်းကနေ ဗုံးကြဲသွားတာ ဖြစ်ပါတယ်။

လေကြောင်းဗုံးကြဲမှုကြောင့် အသက် ၃၃ နှစ်အရွယ် ကိုရဲထက်အောင်နဲ့ အသက် ၅၃ နှစ်အရွယ် ဒေါ်ဇင်မာမြင့်တို့ ထိမှန်သေဆုံးခဲ့ပြီး သက်လတ်ပိုင်း အမျိုးသမီး ခြောက်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ဒါ့အပြင် အင်းကျိုက်ကျေးရွာနေ ဦးဝင်းစိုး၊ ဦးသိန်းဝင်းနဲ့ ဦးဝင်းထိုက်တို့ နေအိမ် သုံးလုံး ထိမှန်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက မှတ်တမ်းဓာတ်ပုံနဲ့တကွ ထုတ်ပြန်ထားပါတယ်။

အာဏာသိမ်း စစ်တပ်ဟာ အာဏာသိမ်းအကြမ်းဖက်စစ်တပ်သည် အာဆီယံ ဘုံသဘောတူညီချက်ကို မလိုက်နာဘဲ နိုင်ငံတဝန်းမှာ လက်နက်ကြီးအပါအဝင် လေကြောင်းဗုံးကြဲတာနဲ့ စစ်ရာဇဝတ်မှုဆိုင်ရာတွေကို နေ့စဉ်နဲ့အမျှ ကျူးလွန်နေတယ်လို့ KNU က အသိပေးထားပါတယ်။

သုတေသနအဖွဲ့ဖြစ်တဲ့ မြန်မာ့ကာကွယ်ရေးနဲ့ လုံခြုံရေးရာ အင်စတီကျု MDSI ရဲ့ အစီရင်ခံစာအရ နိုင်ငံတဝန်းမှာ ပြီးခဲ့တဲ့ စက်တင်ဘာလ တစ်လအတွင်း အာဏာသိမ်း စစ်တပ်က လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၆၅၀ ကျော် ကျူးလွန်ခဲ့ပါတယ်။

အာဏာသိမ်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၁၄၅ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၂၁၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ လေကြောင်းဗုံးကြဲမှုဟာ တစ်လထက် တစ်လ စံချိန်တင်မြင့်တက်လာတယ်လို့ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.