ကျိုက်မရော၊ စက်တင်ဘာ ၉
မွန်ပြည်နယ် ကျိုက်မရောမြို့နယ်မှာ ရေကြီးရေလျှံမှုကြောင့် ရေမြှုပ်နေသေးတဲ့ စာသင်ကျောင်းတွေ အမြန်ဆုံး ပြန်လည်ဖွင့်လှစ်ဖို့ စစ်တပ် အသွင်းပြောင်း မွန်ပြည်နယ်အစိုးရက ဖိအားပေးထားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
မနေ့ စက်တင်ဘာ ၈ ရက်နေ့ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း ဦးဆောင်တဲ့အဖွဲ့ ကျိုက်မရောမြို့သို့ ရောက်ရှိလာပြီး ပိတ်ထားတဲ့ စာသင်ကျောင်းတွေ အမြန်ဆုံးပြန်ဖွင့်နိုင်ဖို့နဲ့ ကျောင်းတွေသန့်ရှင်းရေးလုပ်ဖို့ မြို့နယ်အဆင့် ဌာနဆိုင်ရာတွေကို ဖိအားပေးသွားတာပါ။
ဒေသခံတွေရဲ့ပြောပြချက်အရ ရေကြီးရေလျှံမှုကြောင့် ပိတ်ထားတဲ့ စာသင်ကျောင်းတွေကို ပြန်ဖွင့်ဖို့ စစ်တပ် အသွင်းပြောင်း အစိုးရက ဖိအားပေးထားပေမယ့် လက်ရှိမှာ ရေတွေ ကောင်းမွန်စွာ မကျသေးတာကြောင့် ကျောင်းအများစု ပြန်မဖွင့် အဆင်မပြေသေးဘူးလို့ ဆိုပါတယ်။
လက်ရှိမှာ မြို့ပေါ်က စာသင်ကျောင်းတွေတောင် ရေဝင်ချိန် နှုန်းအနည်အနှစ်တွေ စာသင်ကျောင်းတွေထဲ ဝင်ရောက်နေတာကြောင့် ရှင်းလင်းရေးလုပ်ရမယ့် အပိုင်းတွေရှိနေသေးတဲ့အတွက် အစောဆုံးအနေနဲ့ လာမယ့် အပတ် တနင်္လာနေ့လောက်မှသာ ပြန်ဖွင့်နိုင်မယ့် အခြေအနေမှာ ရှိတယ်လို့ ဆိုပါတယ်။
တဖက်မှာလည်း အတ္တရံမြစ်ကမ်းဘေးကျေးရွာအများစုဟာ ဒီကနေ့အထိ ရေကြီးနေသေးတာကြောင့် စာသင်ကျောင်းတွေ ပြန်ဖွင့်ဖို့ အဆင်မပြေသေးသလို ရေထရက်နဲ့လည်း နီးလာပြန်တာကြောင့် ရေထပ်ကြီးနိင်မယ့်အခြေအနေမှာ ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၂၄ ရက်နေ့ကစလို့ ကျိုက်မရောမြို့နယ်မှာ မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့အတူ အတ္တရံမြစ်ရေ ဆက်တိုက် မြင့်တက်လာတာကြောင့် ရပ်ကွက်ကျေးရွာအုပ်စု ၁၅ ခုမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားခဲ့ပြီး ရေဘေးသင့် ကျေးရွာပေါင်း ၃၀ ကျော် ရှိခဲ့ပါတယ်။
ရေကြီးမှုအတွင်း အခြေခံပညာစာသင်ကျောင်းပေါင်း ၄၀ နီးပါး ၂ ပတ်ကျော်ကြာပိတ်ထားရပြီး ဒီကနေ့ စက်တင်ဘာ ၉ ရက်နေ့အထိ ပြန်လည်ဖွင့်လှစ်နိုင်တာမျိုး မရှိသေးဘူးလို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်

