မင်းတုန်းမှာ စစ်တပ်ရဲ့ ပါရာမော်တာတွေနဲ့ ဗုံးကြဲချ တိုက်ခိုက်မှုကြောင့် အရပ်သား ၁ ဦးသေဆုံး

မကွေး အောက်တိုဘာ ၂၄

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ပါရာမော်တာတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား တစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ သရက်ခရိုင် အမှတ် (၄) တပ်ရင်းက အောက်တိုဘာ ၂၃ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

အောက်တိုဘာ ၂၂ ရက်၊ ညနေ ၅ နာရီလောက်မှာ သရက် ကပစ (၁၂) ကနေ ပျံတက်လာတဲ့ စစ်တပ်ရဲ့ ပါရာမော်တာ သုံးစီးဟာ မင်းတုန်းမြို့နယ်၊ ရွာသစ်ကျေးရွာနဲ့ ငှက်ပျင်းကျေးရွာကြားကို ဗုံးသီး ၉ လုံး ကြဲချတိုက်ခိုက်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုကြောင့် ကြို့ဝကျေးရွာနေ အသက် ၂၅ နှစ်အရွယ် မောင်ဖိုးလမင်း သေဆုံးခဲ့ပြီး အသက် ၆၂ နှစ်အရွယ် ဦးကြည်ဝင်းနဲ့ အသက် ၄၇ နှစ်အရွယ် ဦးအောင်မြိုင်တို့ ဒဏ်ရာရခဲ့ပါတယ်။

အာဏာသိမ်း စစ်တပ်ဟာ မင်းတုန်းမြို့နယ်အတွင်း စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားတွေ နေထိုင်သွားလာရာ နေရာတွေကို လေကြောင်းကနေ ဆက်တိုက်ဗုံးကြဲတိုက်ခိုက်နေတယ်လို့လည်း သရက်ခရိုင် အမှတ် (၄) တပ်ရင်းက ပြောထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၃ ရက်ကစလို့ အာဏာသိမ်းစစ်တပ်က မင်းတုန်းမြို့နယ်က ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်ခဲ့မှုတွေ ပြုလုပ်ခဲ့တာကြောင့် ဒေသခံ ၁၀ ဦး သေဆုံးခဲ့ရပြီး ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.